ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ပထမအပိုင်း ရွေးကောက်ပွဲအတွင်း မွန်ပြည်နယ်တွင် စစ်အုပ်စုကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာအများစုကို အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
မွန်ပြည်နယ်တွင် ကျင်းပခဲ့သည့် မြို့နယ်(၅) မြို့နယ်အနက် မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦးသာ အနိုင်ရရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများ၏ နိုးဆော်ပညာပေးမှုများကြောင့် ပြည်သူလူထုများက စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို မဲမပေးဘဲ နေ၍ရသည့် ပြည်သူများက မဲမပေးကြကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မိသုတဂျော်က ပြောသည်။

“ကျမမြင်တာကတော့ လူထုကနေ တရားမဝင်ဘူးဆိုတဲ့အရာကို လက်ခံတဲ့အတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲသည် တရားဝင်သော ရွေးကောက်ပွဲ မဟုတ်ဘူး။ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်ကိုတော့ တော်ရုံတန်ရုံသိတာပေါ့နော်၊ အဲဒီအထဲမှာ တော်လှန်ရေး အစုအဖွဲ့တွေရဲ့ နိုးဆော်ပညာပေးမှုတွေလည်း ပါတာပေါ့၊ အဲဒီအတွက်ကြောင့်မို့လည်း နေလို့ရတဲ့သူ ခြိမ်းခြောက်မခံရတဲ့သူ မှန်သမျှသည် ဘယ်သူမှ မဲသွားမပေးကြတဲ့ ပုံစံနဲ့ နေခဲ့ကြတယ်” ဟု ပြောသည်။
မွန်ပြည်နယ်တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင် နှင့် သထုံမြို့တို့၌ ကျင်းပပြုလုပ်ခဲ့ပြီး နေရာအများစုတွင် မွန်ညီညွတ်ရေးပါတီ (MUP) က ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်များအနက် ချောင်းဆုံမြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြည်သူ့လွှတ်တော် နေရာအတွက် မင်းစိုးသူ၊ မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်နေရာအတွက် နိုင်အမ်ချမ်းမွန် (ခ) မင်းစိုးခိုင်တို့သာ အနိုင်ရရှိခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် စစ်အုပ်စု၏ အုပ်ချုပ်ရေးမှူးများက အဂတိလိုက်စားမှုများ၊ လောင်းကစားဝိုင်းများကြောင့် ဒေသခံ ပြည်သူများက MUP ကို မဲပေးလိုက်ကြကြောင်း ချောင်းဆုံမြို့နယ်မှာ မွန်လူငယ်တစ်ဦးက ပြောသည်။

“ချောင်းဆုံလိုနေရာမျိုးမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှုက အရာမထင်ပါဘူး။ ချောင်းဆုံမြို့နယ်မှာ ကြံ့ဖွံ့ပါတီဝင်တွေက အုပ်ချုပ်ရေးအပိုင်းမှာ Corruption စားလွန်းပြီး ဗိုလ်ကျရမ်းကားနေတာရယ် နောက်ပြီး အဆိုးဆုံးက လောင်းကစားဝိုင်းတွေ ပေါ်တင်ဖွင့် ပြီး လူတွေကို ဖျက်ဆီးနေတဲ့အပေါ် ဒေသခံလူထုတွေက သူတို့ကို ကြည့်မရလို့ မွန်ပါတီကို မဲပေးလိုက်တာပါ။ နောက်တစ်ချက်က NLD မရှိလို့ မွန်ပါတီဆီ မဲပိုရောက်သွားတဲ့ သဘောပေါ့။ ဒီအခြေအနေမှာတောင် အောင်ကြည်သိန်းက ဘယ်လိုလုပ်ပြီး နိုင်သွားလဲ စဉ်းစားလို့ မရဘူး” ဟု ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် စစ်ကော်မရှင်၏ ပထမအပိုင်း ရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ မြို့နယ်အချို့အပါအဝင် ဒေသအသီးသီးတွင် စစ်အုပ်စုကျောထောက်နောက်ခံ ပြုထားသော USDP က ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


