spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းစစ်တပ် ရွေးကောက်ပွဲ၏ အခြားတစ်ဘက်မှ မြို့သိမ်းတိုက်ပွဲများ

    စစ်တပ် ရွေးကောက်ပွဲ၏ အခြားတစ်ဘက်မှ မြို့သိမ်းတိုက်ပွဲများ

    -

    အာဏာသိမ်းစစ်ကော်မရှင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန်ဟု ပြောဆိုကာ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနေချိန် စစ်တပ်၏ အခြေစိုက်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများကလည်း တချိန်တည်းတွင် ဖြစ်ပွားနေသည်။

    ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

    ထို့ပြင် မကွေးတိုင်း၊ မြို့သစ်- ကန်ပြားလမ်းပိုင်းတွင် ဇန်နဝါရီ ၆ ရက်နေ့၌ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ရေး ဆွေးနွေးဆောင်ရွက်ရန်လာသည့် UEC နေပြည်တော် (ဗဟို)နှင့် မကွေးတိုင်းတာဝန်ခံ ဦးအောင်လွင်ဦးတို့ လိုက်ပါလာသော ကားလေးစီးပါယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည်။

    အဆိုပါတိုက်ခိုက်မှုကြောင့် ကား ၃ စီး တိမ်းမှောက်ပျက်စီးကာ တစ်စီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ G3 သေနတ် ၂ လက်နှင့် ကျည်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်သည်။

    “ဒါက ရွေးကောက်ပွဲ လုပ်ရမယ့်အချိန်မဟုတ်ဘူးဆိုတာ ပြနေတာပဲ။ ဒီမှာ ပြန်ကြည့်မယ့်ဆိုရင် KNU လို၊ KIA လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေက ရွေးကောက်ပွဲကို လက်မခံပေမယ့် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူးဆိုတာကို ပါးပါးနပ်နပ်နဲ့ ကြိုပြီးထုတ်ပြန်ထားတယ်။ ဒါက သူတို့အနေနဲ့ ဖိအား တစုံတရာကို ကြိုတင်ရှောင်တိမ်းတဲ့သဘောလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် PDF တွေဆိုတာက ဘယ်သူ့လက်အောက်ခံမှ မဟုတ်တဲ့အတွက် စစ်တပ်ကို သူတို့ကတော့ တိုက်ခိုက်မှာပဲ။ ဒါပေမယ့် ဒီလုပ်ရပ်က စစ်တပ်အနေနဲ့ နိုင်ငံတကာကို တိုင်တောချင်လို့ သူတို့လုပ်တာလားဆိုတာလည်း သတိတော့ထားရမယ်။”ဟု နိုင်ငံရေးလေ့လသူက သုံးသပ်သည်။

    မြန်မာစစ်တပ်၏ အစီအစဉ်အရ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၂၅ ရက်နေ့ကြား အချိန်များသည်  ရွေးကောက်ပွဲကာလ ဖြစ်သည်။

    ရွေးကောက်ပွဲ အပိုင်း (၁) စတင်သည့် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ဒေသတွင်း PDF တပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည်။

    ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့အဝင်ရှိ စစ်တပ်အခြေစိုက်နေရာအများစုကိုသိမ်းပိုက်ထားပြီး မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောဆိုသည်။

    ကသာမြို့သည် စစ်တပ်၏ ရွေးကောက်ပွဲကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) နယ်မြေတွင် ပါဝင်သည်။

    “တရုတ်စပွန်ဆာပေးတဲ့ ဒီရွေးကောက်ပွဲက သူတို့အတွက် လိုအပ်တဲ့ နိုင်ငံရေးထွက်ပေါက်အတွက် အသဲအသန်ကို ကျင်းပနေရတဲ့ အခင်းအကျင်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဒီကနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ တော်လှန်ရေးက အရင်ကာလတွေနဲ့မတူဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ ကျယ်ပြန့်နေတာ။ ဒီလို မငြိမ်မသက်နေတဲ့အခြေအနေဟာ ရွေးကောက်ပွဲတစ်ရပ်၊ အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူး။ အချိန်ကောင်းလည်းမဟုတ်ဘူး။ ဒါပေမယ့်စစ်တပ်အတွက်က နိုင်ငံရေးထွက်ပေါက်လိုနေပြီ။ ဒါကြောင့် ဒီရွေးကောက်ပွဲ ပြီးရင်လည်း မြို့သိမ်းတိုက်ပွဲတွေမဟုတ်ရင်တောင် စစ်တပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေက ဆက်ရှိနေမှာပဲ” ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူက ထောက်ပြသည်။

    ကသာအပြင် KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း ပြန်လည်ပြင်းထန်လာပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ရွေးကောက်ပွဲနှင့်အတူ တိုက်ပွဲများ ရှိနေသည်။

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဘုတလင်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက် စခန်း ၃ ခုကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

    တဘက်တွင်လည်း တော်လှန်ရေးအင်အားစုများက စစ်တပ်ကို တိုက်ခိုက်နေချိန် စစ်ကော်မရှင်တပ်ကလည်း အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ် သံတွဲမြို့၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နှင့် ဝက်လက်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်းတို့အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရသည်။

    ယင်းကဲ့သို့ တိုက်ပွဲများ၊ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တပြိုင်နက်တည်း ကျင်းပနေသည့် နေရာကွက်ကြားရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပနိုင်ခဲ့သည့် အောင်မြင်သော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks