စစ်ကော်မရှင် ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီဌာနမှ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်ထားပြီး ယခင်ဈေးထက် ဈေးနှုန်း ၄ ဆအထိ မြင့်တက်သွားကြောင်း မော်တော်ယာဉ်ပွဲစားများထံမှ သိရသည်။
ငွေကြေးဈေးကွက်နှင့် လိုက်လျော်ညီမှုရှိစေရန် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ဈေးနှုန်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးကြေညာထားသည်။
ယာဉ်ဖောင်းကြွနံပါတ်ပြားဈေးနှုန်းများသည် မော်တော်ယာဉ်အတွက် ကျပ် ၄၀၀၀၀၊ ထော်လာဂျီအတွက် ကျပ် ၄၀၀၀၀၊ မော်တော်ဆိုင်ကယ်အတွက် ကျပ် ၇၀၀၀၊ သုံးဘီးတပ်ယာဉ်အတွက် ကျပ် ၁၀၀၀၀ နှင့် နောက်တွဲယာဉ်အတွက် ကျပ် ၂၀၀၀၀ စသဖြင့် ယာဉ်အမျိုးအစားအလိုက် ပြောင်းလဲသတ်မှတ်ထားသည်။

မော်လမြိုင်မြို့မှ မော်တော်ယာဉ် ပွဲစားတစ်ဦးက “ခုနကပဲ မော်လမြိုင် ကညနရုံးမှာ ဆရာတော်ဘုရားတစ်ပါးရဲ့ မော်တော်ကားကို နံပါတ်ပြားသွားလုပ်ပေးထားတာ။ ပိုက်ဆံ ၉၀၀၀ ယူသွားတာ၊ ပြန်စိုက်လိုက်ရတယ်။ ၄၀၀၀၀ ထိသွားတယ်။ အရင်ကတော့ ကားအရှေ့အနောက် နံပါတ်ပြားနှစ်ပြားကိုမှ ၉၀၀၀ ပဲ ပေးရတယ်လေ။ အခုက ၄၀၀၀၀ ဆိုတော့ ဈေးက ၄ ဆအထိ ခုန်တက်သွားတယ်။ ဆိုင်ကယ်နဲ့ သုံးဘီးလည်း အရင်က ၂၅၀၀ ပဲ ပေးရတယ်။ အခုက ၂၀၀၀၀ အထိ ပေးရတယ်” ဟု အထက်ပါပွဲစားက ပြောသည်။
အဆိုပါဖောင်းကြွနံပါတ်ပြားများကို သက်ဆိုင်ရာ ကညနရုံးအပြင် စစ်ကော်မရှင်မှ ခွင့်ပြုထားသည့် မော်တော်ယာဉ်ဆိုင်များတွင်လည်း သွားရောက်ပြုလုပ်နိုင်သည်ဟု ပွဲစားများက ပြောသည်။
ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်ခြင်း မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စစ်ကော်မရှင်အဖွဲ့တို့က ဖမ်းဆီးစစ်ဆေးနေသည့်အတွက် ဈေးအဆမတန်မြင့်တက်သော်လည်း မဖြစ်မနေ သွားရောက်ပြုလုပ်ကြရမည် ဖြစ်သည်ဟု မုဒုံမြို့နယ်က ယာဉ်မောင်းတစ်ဦးက ပြောသည်။
" ကညနရုံးမှာလုပ်တဲ့ ကပ်ပြားက ပိုကောင်းတယ်။ အပြင်ဆိုင်မှာကျတော့ ခနလေးနဲ့ ဆေးတွေက ခွာကျလာပြီ။ တစ်နှစ်တစ်ခါလဲရတာ မဟုတ်ဘူး။ ကားဝယ်တာနဲ့ တစ်ခါလဲရတယ်။ အဲနောက် နံပါတ်ပြားပျောက်ဆုံး၊ ပျက်စီးတာတွေဆိုရင် ထပ်လုပ်တယ်။ အခုဈေးတက်သွား တယ်လို့ကြားမိတယ်။ ဈေးတက်လည်း လုပ်ကြရမှာပဲလေ၊ မလုပ်ထားရင် ကားသိမ်းခံရမယ်လေ” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
ဖောင်းကြွနံပါတ်ပြားများသည် မော်တော်ယာဉ်များ၏ အချက်အလက်များကို အချိန်နှင့်တပြေးညီစစ်ဆေးနိုင်ခြင်း၊ မော်တော်ယာဉ်ရောက်ရှိသည့် နေရာဒေသကို သိရှိနိုင်ခြင်း၊ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များကို အလွယ်တကူခြေရာခံ စိစစ်ဖော်ထုတ်နိုင်ခြင်း၊ တရားမဝင်ယာဉ်များကို စစ်ဆေးဖမ်းဆီးနိုင်ရန် အသုံးပြု တပ်ဆင်ထားခြင်းဖြစ်သည်။
စစ်ကော်မရှင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာန၏ ၂၀၂၅ စာရင်းများအရ နိုင်ငံတစ်ဝှမ်း မှတ်ပုံတင်ထားသည့် လူစီးမော်တော်ယာဉ် ၆၄၆၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့် ထော်လာဂျီ ၃၃၀၀၀ ကျော်၊ သုံးဘီးတပ်ယာဉ် ၁၂၀၀၀၀ ကျော်၊ နောက်တွဲယာဉ် ၂၃၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် ၄၂၀၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။
စစ်အုပ်စုလက်ထက် ကုန်ဈေးနှုန်းမြင့်တက်နေချိန်တွင် ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ဈေးနှုန်းတိုးမြှင့်ထားသည့်အပြင် စစ်သား၊ ပျူစောထီး၊ ရဲနှင့် ယာဉ်ထိန်းရဲထံတွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်အသုံးပြုသူများ ငွေညှစ်တောင်းခံ ဖမ်းဆီးခံရမှုများနှင့် ရင်ဆိုင်နေရသည်။



