မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အ.ထ.က(ကျောင်းရွာ)မှ ကျောင်းအုပ်ဆရာကြီးတစ်ဦး ရွေးကောက်ပွဲဆန့်ကျင်ရေးဥပဒေနှင့် ငြိစွန်းနေသဖြင့် ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တော်လှန်ရေးသတင်းအရင်းမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက် ၅၈ နှစ်အရွယ် ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်းဆိုသူသည် ကျောင်းရွာကျေးရွာမှ ၎င်းနေထိုင်ရာ မုဒုံမြို့သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းတစ်နေရာတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
အမှတ် ၈ ကားလမ်းမကြီး၊ ဝဲခမိနှင့် မော့ကနင်ရွာကြားရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရစဉ် ၎င်း၏ဖုန်းအတွင်း မဲကိစ္စနှင့်ပတ်သတ်သည့် လုပ်ဆောင်ချက်များကိုတွေ့ရှိရပြီး ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဥပဒေအချက်အလက်များနှင့်ငြိစွန်းနေသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရေးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျောင်းအုပ်က မဲရုံမှူးပါ၊ တပ်တွင်းမဲရုံမှူးပေါ့ သူ့ကိုတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကဖမ်းဆီးထားတယ်၊ ဘယ်အဖွဲ့လည်းတော့ မသိထားဘူး၊သူ့ဖုန်းထဲမှာ မဲကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်ထားတဲ့ အဆက်သွယ်၊ လုပ်ဆောင်ချက်တွေရတာပါ ရွေးကောက်ပွဲဆန့်ကျင်ရေးဥပဒေနဲ့ငြိစွန်းနေလို့ ဖမ်းလိုက်တဲ့သဘောပါပဲ ” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် အထက်တန်းကျောင်းအုပ်ကြီးသည် ကျောင်းရွာကျေးရွာတွင် တပ်တွင်းမဲရုံမှူးတစ်ဦးအဖြစ်တာဝန်ယူထားသည်ဟုလည်း သိရပြီး ဖမ်းဆီးထိန်းသိမ်းထားသည့်ကိစ္စနှင့်ပတ်သတ်၍ ရွေးကောက်ပွဲအလွန်ကာလမှ တရားဝင်ထုတ်ပြန်သွားရန် ရှိသည်ဟုလည်း ဆိုသည်။
ဒေသအတွင်းလှုပ်ရှားနေသည့် မွန်ပြည်တော်လှန်ရေးအဖွဲ့ MSRF မှ အ.ထ.က(ကျောင်းရွာ)မှ ကျောင်းအုပ်ကြီး ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သတ်၍ သိရှိထားခြင်းမရှိကြောင်းလည်း MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်မှ IMNA သို့ပြောသည်။
လက်ရှိအချိန်ထိ ဦးသူရထွန်း၏မိသားစုဝင်များသည် ရှာဖွေစုံစမ်းမှုလုပ်ဆောင်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာ အဆက်သွယ်မရရှိသေးသဖြင့် စိုးရိမ်နေရသည်ဟု နီးစပ်သူများထံမှသိရသည်။
ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင်ပါဝင်သည့် ပညာရေးဝန်ထမ်းများအား ပစ်မှတ်ထားဖမ်းဆီးမှု မကြာခဏ လုပ်ဆောင်နေပြီး၊ ပြီးခဲ့သည် သြဂုတ်လ ၁၄ ရက်နေ့က ရေးမြို့နယ်အတွင်း တာဝန်ကျ ကျောင်းဆရာမ ၄ ဦးအား MSRF မှ ဖမ်းဆီးခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်ခြင်းမပြုရန် ခံဝန်ထိုးစေပြီး သြဂုတ်လ ၁၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။



