spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်း“ ပါတီက အသစ်ဖြစ်နေတော့ ရန်ပုံငွေက နည်းတယ်။ မဲရုံတိုင်းမှာ ကျနော်တို့လူတွေ မထားနိုင်ဘူး။ လူအနည်းစုပဲ ထားနိုင်တယ်။ မဲရုံစောင့်တဲ့သူတွေ၊ မဲရေတွက်သူတွေ၊...

    “ ပါတီက အသစ်ဖြစ်နေတော့ ရန်ပုံငွေက နည်းတယ်။ မဲရုံတိုင်းမှာ ကျနော်တို့လူတွေ မထားနိုင်ဘူး။ လူအနည်းစုပဲ ထားနိုင်တယ်။ မဲရုံစောင့်တဲ့သူတွေ၊ မဲရေတွက်သူတွေ၊ ဆက်သွယ်ရေး၊ သတင်းပေးသူတွေ မဲဆွယ်စည်းရုံးသူတွေ ကျနော်တို့မှာ သိပ်မရှိဘူး၊ အဲတော့ရွေးကောက်ပွဲ ပထမအပိုင်းမှာ ကိုယ်စားလှယ်တစ်ဦးမှ မအောင်မြင်ခဲ့ဘူး။”  မွန်တိုးတက်ရေးပါတီတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    စစ်ကော်မရှင် ဦးဆောင်ကျင်းပနေသည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်တိုးတက်ရေးပါတီ သည် ရန်ပုံငွေနည်းပါးမှု၊ လူအင်အားမလုံလောက်မှုနှင့် လုံခြုံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် မဲဆွယ်စည်းရုံးရေးနှင့် မဲရုံစောင့်ကြပ်ရေးလုပ်ငန်းများကို အပြည့်အဝ မဆောင်ရွက်နိုင်ခဲ့သဖြင့် ရွေးကောက်ပွဲ ပထမအပိုင်းတွင် ရလဒ်ကောင်းများ မရရှိခဲ့ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ရွေးကောက်ပွဲ ပထမအပိုင်းတွင် မွန်တိုးတက်ရေးပါတီမှ ကရင်ပြည်နယ် ဘားအံမြိုနယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီအား မဲပေးသူ ၂၀ ရာခိုင်နှုန်းခန့်သာရှိသဖြင့် အနိုင်ရရှိသူကိုယ်စားလှယ်လောင်းများ မရှိခဲ့ပေ။

    ထို့ကြောင့် ရွေးကောက်ပွဲ ပထမအပိုင်းတွင် ရရှိခဲ့သည့် မဲရလာဒ်များအပေါ် သုံးသပ်ချက်များ၊ လာမည့် ရွေးကောက်ပွဲများအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ IMNA မှ မွန်တိုးတက်ရေးပါတီ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး။ ။ စစ်ကော်မရှင်၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ပထမအပိုင်းမှာ မွန်တိုးတက်ရေးပါတီအနေနဲ့ ဘယ်နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာရှိပါသလဲ၊ ထွက်လာတဲ့ မဲရလဒ်တွေကိုလည်း အကျဉ်းချုံး ပြောပြပေးပါအုံးခင်ဗျာ။

    ဖြေ။ ။ ရွေးကောက်ပွဲအပိုင်း (၁) မှာ ကျနော်တို့ မွန်တိုးတက်ရေးပါတီအနေနဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်းတစ်ဦးနဲ့ တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ ပြီးတော့ ကော့ကရိတ်မှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်ခဲ့တယ်။ အားလုံး (၃) ဦးပေါ့နော်၊ ဒါပေမဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအပိုင်းမှာတော့ တစ်ဦးမှ မအောင်မြင်ခဲ့ဘူး။ ရလဒ်ကောင်းတာဆိုလို့ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတစ်ဦးပဲရှိတယ်။ သူ့က ဒုတိယနေရာအထိချိတ်တယ်။ ကျန်တဲ့ နေရာတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပြတ်အသတ်နိုင်တယ်။

    မေး။ ။ ပထမအပိုင်းရွေးကောက်ပွဲမှာ မဲပေးသူ နည်းပါးခဲ့တဲ့အပေါ် ပါတီအနေနဲ့ ဘယ်လို သုံးသပ်လိုပါသလဲ။ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့နည်းနေတယ်လို့ မြင်မိပါသလား။

    ဖြေ။ ။ ရွေးကောက်ပွဲ အပိုင်း(၁) မှာက ကျနော်တို့ မွန်တိုးတက်ရေးပါတီကို မဲထွက်ပေးတာနည်းတယ်လို့ ပြောရမယ်။ ဖွံ့ဖြိုးရေးပါတီကဆို မဲအတော်အသင့်တော့ရှိနေတယ်။ သူတို့လူနဲ့သူတို့ရှိနေတယ်။ ကျနော်တို့လူကပဲ မဲထွက်ထည့်တာနည်းတယ်။ တချို့က ရွာမှာမရှိဘူး။ တချို့ကရွာမှာရှိတယ် ဒါပေမဲ့ မဲစာရင်းကမပါဘူး။ ပြည်သူတွေက မဲထွက်ထည့်တာနည်းတယ်။ အဲဒီလိုရှိတယ်ပေါ့နော်။ ကျနော်တို့ကို မဲထည့်ပေးတဲ့နှုန်းက အကုန်လုံးချုံလိုက်ရင် ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။

    မေး။ ။ ရွေးကောက်ပွဲ ပထမအပိုင်းမှာ မွန်တိုးတက်ရေးပါတီအနေနဲ့ အဓိက စိန်ခေါ်မှုတွေ ဘယ်လိုရှိခဲ့လဲ။

    ဖြေ။ ။ ကျနော်တို့မှာ အခက်အခဲအများကြီးရှိတယ်။ ပါတီက အသစ်ဖြစ်နေတော့ ရန်ပုံငွေက နည်းတယ်။ မဲရုံတိုင်းမှာ ကျနော်တို့လူတွေကို မထားနိုင်ဘူး။ လူအနည်းစုကိုပဲ ထားနိုင်တယ်။ မဲရုံးစောင့်တဲ့သူတွေ မဲရေတွက်သူတွေ ဆက်သွယ်ရေး၊ သတင်းပေးသူတွေ မဲဆွယ်စည်းရုံးသူတွေ သိပ်မရှိဘူး။ အဲလိုဖြစ်နေတယ်။ မဲရုံတစ်ရုံမှာဆို ၅ ယောက်ပဲ ထားနိုင်တယ်။ မြေပြင်မဲဆွယ်စည်းရုံးရေးလည်း ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ ပြီးတော့ ဒီရွေးကောက်ပွဲ ပထမအပိုင်းမှာ ဘားအံမြို့နယ်ကဆို ခယားနဲ့ သံလှယ်ရွာဘက်ကပဲ လုပ်နိုင်တယ်။ ကော့ကရိတ်မြို့ဘက်မှာဆို မြို့ပေါ်နဲ့ ကျုံဒိုးလောက်ပဲ လုပ်နိုင်တယ်။ မွန်တွေနေများတဲ့ ကော့ဘိန်း၊ ကမ်းနီ၊ ကော့ကျိုက်၊ ကော့ဂိုကျေးရွာဘက်ကဆို စစ်ရေးအခြေအနေမတည်ငြိမ်တော့ သူတို့ ရွေးကောက်ပွဲမကျင်းပပေးနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က အခက်ကြုံရတယ်။ အရေးကြီးဆုံးကတော့ မဲပေးခွင့်မရကြတာပေါ့နော်။ ကြာအင်းဆိပ်ကြီးဘက်ကရော ကော့ကရိတ်ဘက်ကရော မွန်တွေနေတဲ့ နေရာအများစုက မလုပ်နိုင်ဘူး။ ကျနော်ယုံကြည်ရတဲ့ နေရာတွေမှာ ရွေးကောက်ပွဲက မလုပ်နိုင်တော့ ပါတီအနေနဲ့ မျှော်လင့်ထားသလောက် မဲတွေမရဘူး။

    မေး။ ။ လာမဲ့ ရွေးကောက်ပွဲ အပိုင်း (၂) နဲ့ အပိုင်း (၃) မှာလည်း မွန်တိုးတက်ရေးပါတီကနေ ဘာတွေကြိုတင်ပြင်ဆင်ထားတာတာရှိလဲ။

    ဖြေ။  ။ ဒီရွေးကောက်ပွဲ အပိုင်း (၂)မှာဆိုရင် ကျနော်တို့ပါတီအနေနဲ့ လှိုင်းဘွဲ့မှာဝင်ပြိုင်ဖို့ရှိတယ်။ တိုင်းရင်းသားရေးရာတစ်ခုအတွက်ပဲ ဝင်ပြိုင်သွားမယ်။ အပိုင်း (၃) မှာတော့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးအတွက် ပြိုင်မယ်။ ကော့ကရိတ်မှာက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရှိမယ်။ ပြီးတော့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းရှိမယ်။ ဒါပေမဲ့ တချို့နေရာတွေက လုံခြုံမှုမရှိတော့ ကျနော်တို့ မဲမဆွယ်နိုင်တာ ရှိကောင်းရှိနိုင်မယ်။ နောက်ထပ်ရွေးကောက်ပွဲမှာ ကျနော်တို့အနေနဲ့ လူငယ်တွေကို စည်းရုံးအားပေးမယ်။ ထပ်ယှဉ်ပြိုင်သွားမယ်။

    မေး။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲကနေတဆင့် စစ်ကော်မရှင် လွှတ်တော်မှာ ဘယ်လို အခန်းကဏ္ဍရရှိဖို့ မျှော်မှန်းထားတာရှိလဲ။ ဒီကနေ့ မွန်လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခအခြေအနေအရပ်ရပ်အတွက် ဘာတွေကူညီဆောင်ရွက်သွားဖို့ ရှိပါသလဲ။

    ဖြေ။ ။ ကျနော်တို့က လွှတ်တော်တိုင်းရင်းသားရေးရာမှာ နေရာရဖို့မျှော်လင့်ထားတာရှိတယ်။ ကျန်တာက မရှိပါဘူး။ ကျနော်တို့က  မဲအင်အားနည်းတယ်။ အမာခံတွေ သိပ်မရှိတော့ ပါတီရှင်သန်ဖို့အတွက်ပဲ ယှဉ်ပြိုင်သွားမယ်။ အမှန်ဆို နေရာတိုင်းမှာယှဉ်ပြိုင်ရမယ် လူတိုင်းကမဲပေးမယ်ဆို ကရင်ပြည်နယ်မှာ ကျနော်တို့ မွန်အမတ်လောင်းတွေ ငါးနေရာလောက်လွယ်လွယ်နဲ့ရနိုင်တယ်။ ဘာလို့လဲဆိုတော့ မဲပေးခွင့်ရသူတွေက ၂ သိန်းအထိရှိတယ်။ ပလောင်တို့ ပအိုဝ်းတို့ဆို သူတို့လူအကုန်လုံးမှ ခုနှစ်သောင်းပဲရှိတယ်။ ကျနော်တို့မှာ ကရင်ပြည်နယ်ထဲက မွန်တွေသက်သက်ဆို ၃ သိန်းရှိတယ်။ မဲစာရင်းပါနေတာက တစ်သိန်းနဲ့ ကိုးသောင်းကျော်ရှိတယ်။ မဲပေးသူရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ကရင်ပြည်နယ်မှာ ငါးဦးအထိ နေရာယူနိုင်တယ်။ ဒါမှအစိုးရမှာ ကျနော်တို့ မွန်လူမျိုးတွေ များများနိုင်မယ်။ မွန်လူမျိုးတွေအတွက်လည်း ဒီနိုင်ငံရေးနဲ့ အဆက်အသွယ်နဲ့မပြတ်ဘဲ ဆက်လုပ်ဆောင်သွားလို့ရမယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts