spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်း၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲသို့ သံဃာတော် ၂၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုရန်ရှိဟုဆို

    ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲသို့ သံဃာတော် ၂၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုရန်ရှိဟုဆို

    -

    မွန်ဒေသလုံးဆိုင်ရာ သံဃာတော်များ၏ ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို လာမည့် တပေါင်းလဆန်း ၁ ရက်နေ့မှစပြီး ၃ ရက်နေ့အထိ ပြုလုပ်သွားရန်ရှိပြီး စာမေးပွဲသို့ သံဃာတော် ၂၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုရန်ရှိဟု ရာမညနိကာယ တာဝန်ရှိသူဆရာတော်တစ်ပါးမှ မိန့်ကြားချက်အရ သိရသည်။

    ရာမညနိကာယပရိယတ္တိ စာမေးပွဲကြီးကို ယခုနှစ်တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ သာသနာ ၂၅၀၀ ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သည့် ၄၄ ကြိမ်မြောက် စာဖြေပွဲ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

    လာမည့် တပို့တွဲလကွယ်နေ့တွင် မွန်ဒေသအသီးသီးမှ သံဃာတော်များ စုပေါင်းရောက်ရှိမည်ဖြစ်ပြီး စာဖြေဆိုမည့် သံဃာတော်စုစုပေါင်း ၂၀၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ရာမညနိကာယအဖွဲ့ ဒုအတွင်းရေးမှူးဆရာတော်မှ  IMNA သို့ မိန့်ကြားသည်။

    “ သံဃာတော် ၂၀၀၀ ကျော်လောက်ရှိမယ်၊ စာရင်းတော့ သေချာမရသေးဘူး၊ နှစ်စဉ်ဖြစ်မြောက်တဲ့အတွက်အခုဆိုမွန်လူမျိုးဒါယိကာတွေလည်း မွန်ပရိယတ္တိစာမေးပွဲကြီးကို သိလာကြတယ်၊ သံဃာတော်အပြင် အလှူရှင်အနေနဲ့ လာတဲ့သူတွေလည်းများတယ် နေရာမဆံ့အောင်ပဲ၊ နေထိုင်ဖို့ နေရာကျဉ်းကြပ်တာမျိုးရှိတယ်၊ ဆွမ်းစားချိန်နှစ်ကြိမ်လုပ်ရတာမျိုးရှိတယ် ဒါမဲ့ဒီနှစ်လည်း အဆင်ပြေအောင်တော့ လုပ်ဆောင်သွားဖို့ရှိတယ် ” ဟု မိန့်သည်။

    စာမေးပွဲတွင် သြဝါဒစရိယ ဆရာတော်များ၊ ကြီးကြပ်ရေး၊ စာစစ်၊ စာထောက် ဆရာတော်များ အပါးရေ ၁၀ဝ ထက်မနည်း ပါဝင်ကြောင်းလည်း သိရသည်။

    ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှလာရောက်မည့် သံဃာတော်များသည် ပဋိပက္ခအခြေအနေများကြောင့် ခရီးလမ်းကြန့်ကြာမှုနှင့် ရင်ဆိုင်ရနိုင်သဖြင့် ရက်အနည်းငယ် ကြိုတင်လာရောက်ရန်လည်း တိုက်တွန်းသည်။

    “ထူးထူးခြားခြားတော့မရှိဘူး၊ ဒီနှစ်တော့ကော်မတီအသစ်ဖွဲ့ထားပေမဲ့လူဟောင်းတွေပဲ ပါနေတာများတယ်၊ ခေါဇာတို့၊ရေဖြူဘက်၊ ကော့သောင်းဘက်ကမွန်တွေဆိုလည်း လာကြတယ် ကြိုလာကြတယ်၊ အလှူရှင်တွေလည်း အားကောင်းတယ်။ ” ဟု ပြောသည်။

    ရမညနိကာယ ပရိယတ္တိစာမေးပွဲတွင် မူလ၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယတန်းဟူ၍ အဆင့်ငါးဆင့်ခွဲကာ ဖြေဆိုကြသည်။

    ၁၃၄၃ ခုနှစ်မှစ၍ ရာမညဓမ္မစာရိယ အမည်ဖြင့် ပရိယတ္တိ မွန်စာဖြေဆိုပွဲ၊ ပရိယတ္တိဆိုင်ရာ မွန်စာပေများပြုစုရေးသားထုတ်ဝေခြင်းများ ဆောင်ရွက်လာခဲ့ရာ ယခုအခါ ရာမညနိကာယ ပရိယတ္တိအဖွဲ့အမည်ဖြင့် ၄၄ နှစ်မြောက်သို့ ရောက်ရှိလာပြီး ဖြစ်သည်။

    ပုံ-ရာမညနိကာယ လူမှုကွန်ရက်စာမျက်နှာ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks