spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲအပိုင်းဆက်တွင် မဲပေးသူများပြားရန် အထူးစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေစဉ် လာရောက်လုပ်ဆောင်သူများပြား

    ရွေးကောက်ပွဲအပိုင်းဆက်တွင် မဲပေးသူများပြားရန် အထူးစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေစဉ် လာရောက်လုပ်ဆောင်သူများပြား

    -

    စစ်ကော်မရှင်၏ လာမည့်ရွေးကောက်ပွဲအပိုင်းဆက်များတွင် ဆန္ဒမဲပေးသူ အရေအတွက်များပြားစေရန် မြို့နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် အထူးစီမံချက်ဖြင့် ပိတ်ရက်မရှိမှတ်ပုံတင်ဝန်ဆောင်မှုပေးနေစဉ် လာရောက်လုပ်ဆောင်သူ များပြားနေကြောင်း လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ကိုယ်တိုင်လုပ်ဆောင်သူများထံမှ သိရသည်။

    ပျက်စီး၊ ပျောက်ဆုံးမှတ်ပုံတင်များကို စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၁ ရက်နေ့မတိုင်မီ အထူးအစီစဥ်တစ်ရပ်အဖြစ် ပိတ်ရက်မရှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

    ပေါင်မြို့လူဝင်မှုကြီးကြပ်ရေးရုံးတွင် ငွေကြေးကောက်ခံခြင်းမရှိဘဲ မှတ်ပုံတင်၊စမတ်ကတ်များကို လာရောက်လုပ်ဆောင်သူ တစ်ရက်လျှင် ၅၀ ထက်မနည်းရှိနေပြီး၊ အမှန်တကယ်ဆန္ဒမဲပြုရန် စိတ်ပါဝင်စားခြင်းမဟုတ်ဘဲ လိုအပ်ချက်အရ အခွင့်ကောင်းရစဉ် လာရောက်လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ပေါင်မြို့ခံတစ်ဦးကပြောသည်။

    “၄၀၊ ၅၀ အထိများတယ် လူကစည်နေတာပဲ အပျောက်၊အပျက်တွေဆို အရင်တုန်းက လဝက စားခွင်ပေါ့၊ ကုန်ကျစရိတ် ၆ ကျပ်တောင်မပေးရဘူး၊ မှတ်ပုံတင်မပါတဲ့အတွက် မဲမထည့်တဲ့သူတွေရှိတယ်၊ အားနည်းချက်ကိုပြင်တဲ့အနေနဲ့ လုပ်တာ မဲပေးသူပိုများစေချင်တာပေါ့ရည်ရွယ်ချက်က” ဟုပြောသည်။

    လူဝင်မှုကြီးကြပ်ရေးရုံးတွင် ငွေကြေးပေးသွင်းရခြင်းမရှိသော်လည်း သွေးစစ်ခ၊ ဓာတ်ပုံရိုက်ခနှင့် လမ်းစရိတ်များ ပုံမှန်အတိုင်းကုန်ကျခံရမည်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြားများကိုလည်း အလွန်ဆုံး ၂ ရက်အတွင်း ရရှိနေသည်ဟု ဆိုသည်။

    သို့သော် ရွေးကောက်ပွဲအပိုင်း(၂) ပြုလုပ်မည့် ဇန်နဝါရီ ၁၁ ရက်နေ့မတိုင် သတ်မှတ်ရက်အတွင်း မှတ်ပုံတင်ဝန်ဆောင်မှုပေးနေသည့် ရေးမြို့ပေါ် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လုံခြုံရေးအခြေအနေကြောင့် လာရောက် လုပ်ဆောင်သူမရှိကြောင်း သိရသည်။

    “ရေးမြို့ပေါ်မှာတော့ အသစ်လုပ်ကြတဲ့သူတွေရှိတယ် သိပ်တော့မများဘူး၊ မဲထည့်ဖို့ကိစ္စပဲ လိုက်လံနှိုးဆော်တယ်၊ အစကတော့မှတ်ပုံတင်ကိစ္စသိပ်မလုပ်ပေးကြဘူး၊ အခုကျမှ လုပ်မယ်ကြားတော့ လူတွေလည်း ရွေးကောက်ပွဲနဲ့နီးရင် ရေးမြို့ပေါ်အထိကို မသွားလာရဲတော့ဘူးလေ။  လမိုင်းမှာတော့သူတို့ဘာမှ မပြောဘူး။ ပန်းခင်းစီမံကိန်းပဲကြားတယ် အခုကိစ္စမကြားရဘူး။” ဟု ပြောသည်။

    ရွေးကောက်ပွဲအပိုင်း(၁) မတိုင်မီ ရေးနှင့် မုဒုံမြို့နယ်တို့တွင် မှတ်ပုံတင်ကဒ် သွားရောက်ပြုလုပ်သူအချို့ ငွေကျပ် နှစ်သိန်းကျပ်မှ ခြောက်သိန်းအထိ ဝန်ဆောင်ခပေးဆောင်ခဲ့ရကြောင်းလည်း ကိုယ်တိုင်ကြုံတွေရသူ မုဒုံဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

    ယခု စစ်ကော်မရှင်၏ ကြေညာချက်တွင် နိုင်ငံသားကတ်ပြား ပျက်စီး၊ပျောက်ဆုံးသူမဲဆန္ဒရှင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်လဝက ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးထားသလို မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားကတ်ပြားများ ပျက်စီး၊ပျောက်ဆုံးခြင်းမရှိဘဲ လိမ်လည်အကြောင်းပြ၍ ထပ်မံတင်ပြတောင်းဆိုပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

    ပြီးခဲ့သည့် စစ်ကော်မရှင်ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးသူ ၅၂ ရာခိုင်နှုန်းကျော်သာရှိခဲ့ရာ ဒုတိယပိုင်းတွင် မဲပေးသူဦးရေ ပိုများနိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့အားနည်းချက်များ ပြန်လည်ပြင်ဆင်ပေးနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks