စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမအပိုင်းတွင် ကြိုတင်မဲကောက်ယူခြင်း၊ စိစစ်ခြင်း လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း နိုင်ငံရေးပါတီများကြား ပြောဆိုလျှက်ရှိသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲပထမပိုင်းတွင် ကြိုတင်မဲ ကောက်ယူခြင်း၊ ရေတွက်ခြင်း လုပ်ငန်းစဉ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ပါတီဝင်များက ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်း၊ ကြိုတင်မဲကောက်ယူရာတွင် အခြားသောပါတီများမှ ကိုယ်စားလှယ်များ လိုက်ပါခွင့်မရခြင်းတို့ကြောင့် တရားမျှတမှု မရှိသည့် အခြေအနေဟု ဆိုကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကပင် ကြိုတင်မဲပြဿနာများရှိနေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့တင်ပြထားကြောင်း ပါတီဥက္ကဋ္ဌက IMNA သို့ အတည်ပြုသည်။

“ကျနော်တို့ စာပို့ထားတာ ဟုတ်ပါတယ်။ အခုထိတော့အကြောင်းမပြန်သေးပါဘူး။ ဘာကြောင့်ပို့ရလဲဆိုတာကတော့ ကျနော် တခြားမှာ ဖြေထားသလိုပါပဲ ကြိုတင်မဲကိစ္စပါပဲ” ဟု SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အပြင် ပြည်သူ့ပါတီ (PP) နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှလည်း စစ်ခေါင်းဆောင်ထံ စာပေးပို့အကြောင်းကြားထားသည်။
ကြိုတင်မဲနှင့်ပတ်သက်ပြီး အငြင်းပွားနေစဉ် UEC ၏ နောက်ဆုံးထုတ်ပြန်ထားသည့် မြို့နယ် ၈၁ မြို့နယ်အချက်အလက်များအရ မြို့နယ်အားလုံးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြိုတင်မဲရလဒ်မှာ အများဆုံးဖြစ်နေသည်။
ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် USDP ကိုယ်စားလှယ်လောင်း ရရှိသည့် မဲစုစုပေါင်း ၆,၃၅၅ မဲ အနက် ၃,၀၂၄ မဲမှာ ကြိုတင်မဲဖြစ်နေပြီး သံတောင်ကြီးမြို့နယ်တွင် ခိုင်လုံမဲ ၂,၀၀၁ မဲအနက် ကြိုတင်မဲ က ၁,၆၆၁ မဲ ၊ ဘောလခဲမြို့နယ်တွင်လည်း ခိုင်လုံမဲ ၁,၅၆၉ မဲအနက် ကြိုတင်မဲက ၁,၂၃၆ မဲနှင့် ဟားခါးမြို့နယ်တွင် ခိုင်လုံမဲ ၂,၀၀၇ မဲ အနက် ကြိုတင်မဲ က ၁,၀၄၀ မဲအထိ ရထားသည်ကို တွေ့ရသည်။
“ကြိုတင်မဲဆိုတာ စစ်တပ်ရဲ့ လက်နက်ပဲ ၂၀၁၀ လား၊ ၂၀၁၅ လား ၂၀၂၀ လား ရွေးကောက်ပွဲတိုင်းမှာ တွေ့ရတဲ့ ဖန်တရာတေ ကြိုတင်မဲထုပ်တွေပါပဲ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံများပိတ်ပြီး နောက်ကျမှရောက်ရှိလာသည့် ကြိုတင်မဲများကြောင့် အနိုင်အရှုံးရလဒ်များ ပြောင်းလဲသွားခြင်းမျိုး ရှိခဲ့ဖူးသည်။
ယခု ၂၀၂၅ ခုနှစ်တွင်လည်း မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ၂၀၁၀ နည်းတူ နောက်ကျမှ ရောက်ရှိလာသည့် ကြိုတင်မဲများကြောင့် မဲရလဒ်များ ပြောင်းလဲခဲ့သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲနေ့ ည ၉ နာရီအချိန်ခန့်အထိ မဲရလဒ်များကို ရေတွက်ရာ လွှတ်တော်သုံးရပ်လုံးအတွက် မွန်ညီညွတ်ရေးပါတီမှ အနိုင်ရထားသော်လည်း ည ၁၀ နာရီခန့်တွင် ရောက်ရှိလာသည့် မဲထုပ်ကြောင့် ပြည်နယ်လွှတ်တော် တစ်နေရာကို USDP အမတ် လက်ရှိပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အနိုင်ရသွားသည်။
MUP ပါတီ၏ အမည်မဖော်လိုသူ ဗဟိုကော်မတီဝင် တစ်ဦးက” ကျနော်တို့အနေနဲ့ ဒီအခြေအနေကိုဖြေရှင်းဖို့ အစည်းအဝေးလုပ်ခဲ့တယ်။ ဒီမှာ ကျနော်တို့က အမုန်းတရားဘက်ကို မသွားဘဲ အပြုသဘောဆောင်တဲ့ဆွေးနွေးချက်မျိုးတွေပါ။ ကိုအောင်ကြည်သိန်းဆိုတာကလည်း မွန်လူမျိုးပဲ။ သူနဲ့အတူ လက်တွဲပြီးဆောင်ရွက်မယ် ကျနော်တို့ အနေနဲ့ကတော့ ဘာမှ မတတ်နိုင်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဒီတော့ အခုရလဒ်ကို လက်ခံမှာ ဖြစ်ပါတယ်။”ဟု တုံ့ပြန်သည်။
ကြိုတင်မဲနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကြား အငြင်းပွားမှု၊ ဝေဖန်မှုများရှိနေသော်လည်း ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲအတွက် မဲစာရင်းပြုစုခြင်း၊ မဲကောက်ယူခြင်း၊ ကြေညာခြင်း၊ ရေတွက်ခြင်းလုပ်ငန်းစဉ်များကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သို့သော် မည်သည့် သက်သေအချက်အလက်မှ မပါဝင်ပေ။
၎င်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံခဲ့သည့် ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့၌လည်း ကြိုတင်မဲပေးခြင်းနှင့်ပတ်သတ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ထပ်မံပြောကြားခဲ့သေးသည်။
ရွေးကောက်ပွဲအပိုင်း(၁)တွင် ကြိုတင်မဲနှင့်စပ်လျဉ်းပြီး အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့သော်လည်း ရွေးကောက်ပွဲအပိုင်း(၂)အတွက် ကြိုတင်မဲ လိုက်ပါစောင့်ကြည့်ရန် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများကို လာရောက်ခေါ်ယူခြင်းများ မရှိသေးကြောင်းလည်း သိရသည်။


