ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခြင်းနှင့် တားမြစ်ထားသည့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာရွေ့ပြောင်းလုပ်သား ၂၀၂၇ ဦး နေရပ်ပြန်ပို့ခံရထားရသည်ဟု ရွေ့ပြောင်းလုပ်သားအရေးစောင့်ကြည့်နေသူ FE 5 တနင်္သာရီအဖွဲ့မှ အချက်အလက်များအရ သိရသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံမှ ရွေ့ပြောင်းလုပ်သားများအား နေရပ်ပြန်ရေးလုပ်ငန်းကို ပူးတွဲလုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်နှစ်တာအတွင်း ၁၆ ကြိမ်အထိ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းမြို့သို့ လွှဲပြောင်းခံခဲ့ရသည်ဟု သိရသည်။
ရွေ့ပြောင်းလုပ်သားများ နေရပ်ပြန်ပို့ခံရသည့်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ်ပိုများလာနေသော်လည်း ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသူ ရွှေ့ပြောင်းလုပ်သားများ၏ သတင်းအချက်လက် အတိကျကို စစ်ကော်မရှင်အစိုးရမှ ထုတ်ပြန်ထားခြင်းမရှိသလို နေရပ်ပြန်ခွင့်မရရှိပဲ အတင်းအဓ္ဓမ စစ်မှုထမ်းခံရသူများလည်းရှိကြောင်း FE 5 တနင်္သာရီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျနော်တို့ရရှိထားတဲ့အချက်လက်တွေအရဆိုရင် သူတို့အများဆုံးတရားဝင်လွဲပြောင်းတဲ့နေရာက ရနောင်းထိန်းသိမ်းရေးစခန်းကနေ ပြန်လွှဲတာကအများဆုံးပဲ။ အခု လူဦးရေ နှစ်ထောင်ကျော်စာရင်းကလည်း ရနောင်းကနေ ကော့သောင်းကိုလွှဲတဲ့စာရင်းတွေပဲပေါ့နော်။ ဒီစာရင်းတွေအပြင် အခြားနယ်စပ်ကနေပြန်လွှဲနေတာလည်းရှိတယ်။ အဖမ်းခံရပြီးတော့ ပြန်ပို့ခံရတဲ့အခြေနေမှာ မြန်မာနိုင်ငံဘက်ကနေ တရားဝင်ထုတ်ပြန်ချက်တွေဘာမှ ကျနော်တို့မတွေ့ရဘူး။ မေးလို့မရဘူး။ အဲဒီအတွက် ဒီလူတွေက လူကုန်ကူးခံရလား။ သတ်ဖြတ်ခံရတာတွေရောရှိလား။ ဘာမှအတိကျမသိရဘူး။” ဟု သူက ဆိုသည်။
ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦး၊ ဇွန်လတွင် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ သြဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦး၊ နိုဝင်ဘာလတွင် ၁၃၇ ဦးနှင့် ဒီဇင်ဘာလတွင် ၁၇၅ ဦး တစ်နှစ်တာအတွင်း ပို့ဆောင်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် တရားမဝင်ရွေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်ရရှိနိုင်ရန် ထိုင်းအစိုးရမှ ပန်းရောင်ကဒ်ပြုလုပ်ပေးသည့် လုပ်ငန်းစဉ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်ကဒ်ပြုလုပ်ပေးနေစဉ်တွင် အခြားတစ်ဖက်၌ မြို့တွင်းရှာဖွေ ဖမ်းဆီးစစ်ဆေးမှုအရှိန်ကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ရွေ့ပြောင်းလုပ်သားအရေးကူညီဆောင်ရွက်နေသူ ဦးအောင်ကျော်က IMNA သို့ ပြောကြားသည်။
“မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်လို့မရတော့လို့ ထိုင်းနိုင်ငံကိုဝင်မယ်ဆိုရင် အထူးသတိထားဖို့လိုတယ်။ ဘာလဲဆိုတော့ နယ်စပ်တွေမှာလည်း နိုင်ငံတော်ရဲ့လုံခြုံရေးအနေထားအရ ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ ရှိနေတာဆိုတော့ အကယ်လို့အဖမ်းဆီးခံရရင် ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်ပြဿနာကြောင့် ဆင်ခြင်သုံးသပ်ဖို့လိုတယ်။” ဟု ဆိုသည်။
ဖမ်းဆီးခံရပြီးနောက် ငွေကြေးနှင့် စစ်မှုထမ်း နောက်ဆက်တွဲကိစ္စများကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာလုပ်သားများ သတိပြုဆင်ခြင်ရန်လည်း သူက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပေးသည့် အကြိမ်ရေပေါင်း ၁၄ ကြိမ်အထိရှိခဲ့ပြီး ဦးရေအားဖြင့် ၂၀၀၅ ဦးအထိရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံအတွင်း အစုလိုက်ဝင်ရောက်တိမ်းရှောင်နေခြင်းသည် မြန်မာစစ်အစိုးရ၏ အမျိုးသား အမျိုးသမီးမရွေး မဖြစ်မနေစစ်မှုထမ်းရမည့် ဥပဒေကြောင့်ဖြစ်ပြီး စစ်ဘေးနှင့် အသက်ဆုံးရှုံးရမည့်အန္တရာယ်များကြောင့်လည်း နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် တွန်းအားပေမှုများ ဖြစ်လာနေသည်။






