spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းမွန်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား၊သူ ၅၀၀ ကျော်လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်

    မွန်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား၊သူ ၅၀၀ ကျော်လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်

    -

    မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ သထုံစသည့် အကျဉ်းထောင်နှင့် အချုပ်ခန်းအသီးသီးမှ  အကျဉ်းသား၊သူ ၅၀၀ ကျော် လွတ်မြောက်လာပြီး နိုင်ငံရေးအကျဉ်းသားမပါဝင်ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ဇန်နဝါရီလ ၄ ရက်နေ့ ယမန်နေ့က ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊အချုပ်ခန်းအသီးသီးမှ အကျဉ်းသား၊သူ ၅၁၂ ဦး လွတ်မြောက်လာသည်။

    အဆိုပါ ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား၊သူများတွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။

    ပုံ-ယခင်ပုံဟောင်း

    “ခိုးမှုတို့၊ လောင်းကစားတို့၊ ညမထွက်ရအမိန့်ချိုးဖောက်တာတို့၊ မူးယစ်ယမ်းကားတို့ အဲ့လိုမှုတွေကို လွှတ်ပေးတာ၊ အဲ့လိုအမှုတွေကလည်း အမိန့်ချတာ ၃ လ၊ ၆ လလောက်ပဲလေ၊ ပြီးရင် ဒီလူတွေက ပြန်အဖမ်းခံရမှာပဲ၊ အဲ့လူတွေကို ဓာတ်ပုံရိုက်ပြီး နိုင်ငံရေးအကျဉ်းသားဆိုပြီးကြေညာမယ်။ ကျနော်တို့ လွတ်တုန်းကလည်း နိုင်ငံရေးအကျဉ်းသားအစစ်အမှန်က ၈ ယောက်ပဲပါတယ်။ ကျန်တာ အဲ့လိုအမှုတွေကြီးပဲ ” ဟု ၎င်းက ပြောသည်။

    ကျိုက်မရောဗဟို အကျဉ်းထောင်မှ အကျဉ်းသား (၉) ဦးနှင့် အကျဉ်းသူ (၁၅)  ဦး၊ မော်လမြိုင် အချုပ်ထောင်မှ အကျဉ်းသား (၆၆) ဦး၊  အကျဉ်းသူ (၇၆) ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား (၁၁၈) ဦးတို့ လွတ်မြောက်လာသည်။

    အလားတူ အင်္ဂဘိုအလုပ်စခန်းမှ အကျဉ်းသား (၂၈) ဦး၊ ဇင်းကျိုက် ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၂) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၂) ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၇) ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၀) ဦး၊ မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်းမှ အ ကျဉ်းသား (၅၂) ဦးနှင့် မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အကျဉ်းသူ (၅၆) ဦး စုစုပေါင်း (၅၁၂) ဦး တို့မှာ သက်ဆိုင်ရာ အကျဉ်းထောင်၊ အချုပ်ထောင်၊ အလုပ်စခန်းများမှလည်း လွတ်မြောက်လာခဲ့ကြသည်။

    စစ်ကော်မရှင်တို့သည် အကျဉ်းသားအများစုကို ဟန်ပြသာလွှတ်ပေးနေပြီး ထိုနေ့တွင်ပင် ပြန်လည်ဖမ်းဆီးခံရသည့်ဖြစ်စဉ်များလည်းရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့်သူများက ဆိုသည်။

    ထို့အပြင် စစ်ကော်မရှင်တို့သည် အထိမ်းအမှတ်နေ့များတွင် လွတ်ငြိမ်းချမ်းသာခွင့်ဟုခေါင်းစဉ်တပ်ကာ  နိုင်ငံတကာကြား အမည်ကောင်းရရှိရန် လုပ်ဆောင်နေသည်ဟု အထက်ပါသူက သုံးသပ်ပြောဆိုထားသည်။

    “နိုင်ရေးအကျဉ်းသားတွေကို မလွတ်ပေးဘူးဆိုတာ အစကတည်းကသိတယ်။ ကျနော်တို့လည်း ထောင်ထဲမှာ နေခဲ့ဖူးတယ်လေ၊ အခြားမြို့ကြီးအကျဉ်းထောင်တွေမှာ လွတ်တယ်ဆိုတာက လူတွေကို လှည့်စားထားတာ။ လှည့်စားတယ်ဆိုတာက ဥပမာဆို အကျဉ်းသားတစ်ယောက်က လာမယ့်တစ်ပတ်အတွင်း၊ ၁၀ ရက်အတွင်းမှာ သေချာပေါက်လွတ်မယ့်လူတွေကိုပဲ ရွေးတာ၊ အဲ့လိုလူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်လို့ ခေါင်းစဉ်တပ်ပြီး လွှတ်ပေးတာ။ နာမည်ကောင်းရအောင် လုပ်နေတယ်လို့ပဲ မြင်တယ်” ဟု ဆိုသည်။

    စစ်ကော်မရှင်က မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တို့မှ အကျဉ်းသား/သူ ၆၁၃၄ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး နိုင်ငံခြားသား အကျဉ်းသား/သူ ၅၂ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းပေးကာ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ထားသည်။

    အာဏာသိမ်းပြီး ငါးနှစ်နီးပါးကာလအတွင်း စစ်ကော်မရှင်တို့က လွတ်ငြိမ်းချမ်းသာခွင့် ၁၈ ကြိမ် ကြေညာခဲ့ပြီး အကျဉ်းသား၊သူ ၁၁၂,၉၂၆ ဦးကို ပြန်လွှတ်ခဲ့ပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၅,၄၄၄ ဦး ပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar)၏ အချက်အလက်အရ သိရသည်။

    ၎င်းလွတ်ငြိမ်းချမ်းသာခွင့်တွင် ၅၀၅-ကနှင့် သက်ဆိုင်သူချည်းများကို သီးသန့်လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု သုံးကြိမ်သာရှိခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံမှုနှင့် ဆန့်ကျင်မှုများကြောင့် အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသူ ၂၂၇၀၂ ဦးထက်မနည်း ရှိနေဆဲဖြစ်ကြောင်း ISP-Myanmar က ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts