ဒီဇင်ဘာ(၂၈) ရက်နေ့က မွန်ပြည်နယ်(၅) မြို့နယ်အတွင်း ပြုလုပ်သည့် စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း(၁) တွင် မဲဆန္ဒရှင်စုစုပေါင်း ၅၉၄၅၅၀ ဦးအနက် လာရောက်မဲပေးသူ ၂၃၄၈၇၂ ဦးသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၉ ရာနှုန်းသာရှိသည်ဟု စစ်ကော်မရှင် ရွေးကောက်ပွဲ အချက်အလက်များရ သိရသည်။
ချောင်းဆုံမြို့နယ်တွင် ၄၄ ရာခိုင်နှုန်းဖြင့် မဲပေးမှုအများဆုံးရှိခဲ့ပြီး မော်လမြိုင်မြို့နယ်တွင် ၄၂ ရာခိုင်နှုန်း၊ ကျိုက်ထိုတွင် ၄၀ ရာခိုင်နှုန်း၊ ကျိုက်မရောတွင် ၃၈ ရာခိုင်နှုန်းနှင့် သထုံမြို့နယ်တွင် ၄၀ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့ကြောင်း သိရသည်။
စစ်တပ်ဦးဆောင်သည့်ရွေးကောက်ပွဲသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ ပြည်သူလူထုများ တက်တက်ကြွကြွမဲပေးမှုမရှိခြင်းသည် မဲရုံရှေ့ရှိလူအုပ်များက သက်သေပြနေပြီး မဲသွားရောက်ပေးသူများ မလွန်ဆန်နိုင်သည့် ဖိအားအရပ်ရပ်ကြောင့် သွားရောက်မဲပေးခဲ့ရကြောင်းလည်း မွန်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

"မဲထွက်ပေးတဲ့သူတွေက အရင်ရွေးကောက်ပွဲလို တက်တက်ကြွကြွ လာပေးတာမျိုးကို မတွေ့ရဘူး။ ဒါပေမဲ့တော်သင့်သလောက် မဲထွက်ပေးနေတာမျိုးကိုတော့တွေ့ရတယ်။ ဒါကလည်း အခြေအနေအမျိုးမျိုးကြောင့်ပါ ဒါပဲပြောချင်တယ်"ဟု ပြောသည်။
စစ်တပ်နှင့် စစ်တပ်လက်အောက်ခံတို့ မဲလာမပေးပါက စစ်မှုထမ်းရန်အတွက် ဦးစားပေးခေါ်ယူမည်ဟု ခြိမ်းခြောက်မှုများရှိသလို မဲမပေးပါက ခရီးသွားလာခွင့်ကန့်သတ်မည်ဆိုသည့် ခြိမ်းခြောက်မှုများကို လုပ်ဆောင်နေကြောင်းလည်း Myanmarnow သတင်းဌာနတွင် ဖော်ပြရေးသေားခဲ့သည်။
မဲထွက်ပေးသူမရှိသည့်အပြင် စစ်ကော်မရှင် ပါတီဝန်းရံသူနည်းသဖြင့် မဲရုံတိုင်းတွင် ပါတီကိုယ်စားလှယ်လောင်းများမထားရှိနိုင်ကြောင်းလည်း မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၂၈)ရက်နေ့က ရွေးကောက်ပွဲ အပိုင်း (၁) တွင်ပါဝင်သည့် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် မြေပြင်မဲရေတွက်မှုစာရင်းများအရ ပြည်ခိုင်ဖြိုးပါတီမှ အသာစီးရနေကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နေကြသည့် နိုင်ငံရေးပါတီများထံမှ သိရသည်။
သို့သော် စစ်ကော်မရှင်၏ ပြည်နယ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရလဒ်များ ကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသဖြင့် လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းများမှ ဝေဖန်သံအချို့ထွက်ပေါ်နေသည်။
လာမည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စစ်ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲ အပိုင်း (၂) အားကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲ အပိုင်း (၂) တွင် မွန်ပြည်နယ်အတွင်း ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ပေါင်မြို့နယ် နှင့် ဘီးလင်းမြို့နယ်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


