မွန်ပြည်နယ်၊ သထုံမြို့နယ် ဂျိုးဖြူကုန်း မူ(လွန်)ကျောင်းရှိ မဲရုံအတွင်း တာဝန်ရှိသူများအပေါ် ဝတ္တရားနှောက်ယှက်မှု လုပ်ဆောင်ခဲ့သူဟုဆိုပြီး အမျို့းသမီနှစ်ဦး အမှုဖွင့်ခံခဲ့ရကြောင်း သိရသည်။

အမှုဖွင့်ခံရသူ အမျိုးသမီးနှစ်ဦးသည် ဒီဇင်ဘာ(၂၈) ရက်နေ့ မွန်းလွဲပိုင်းတွင် ဂျိုးဖြူကုန်း မူ(လွန်)ကျောင်းရှိ မဲရုံအတွင်း သွားရောက်မဲပေးစဉ် ပြည်သူ့ပါတီကို ဆန္ဒမဲပြုရန် မဲဆွယ်ပြောဆိုပြီး မဲရုံတာဝန်ရှိသူများမှ တားမြစ်ရာ ဖုန်းဖြင့်ဗီဒီယိုရိုက်ကူးထားခြင်းအပြင် မဲရုံဝန်ထမ်းများကိုပါ ခြိမ်းခြောက်မှုလုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းအပြင် ထိုသို့ပြဿနာဖြစ်နေစဉ် အမျိုးသမီးတစ်ဦးမှ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးဆန်းဝင်းထံ ဖုန်းဆက်တိုင်တန်းပြောဆိုခြင်း လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် အဆိုပါကျေးရွာသူများဖြစ်သော အသက်(၃၅)နှစ်အရွယ်နှင့် အသက်(၄၁) နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို မဲရုံအတွင်းယူဆောင်ခွင့်မရှိသည့် ဖုန်းအား ယူဆောင်လာခြင်းအပြင် တာဝန်ရှိသူများအပေါ်ဝတ္တရားနှောက်ယှက်ခြင်းပြုသူဟု စွပ်စွဲကာရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က)အရ သိမ်ဆိပ်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူ ဖမ်းဆီးခံထားရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် သထုံမြို့နယ်၌ မဲဆန္ဒရှင်ဦးရေ ၁၄၆၆၂၂ အနက် ၄၇၂၄၄ ဦးသာ လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအရ ၃၂.၂၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။
၎င်းအပြင် စစ်ကောက်မရှင်ရွေးကောက်ပွဲ အပိုင်း(၁)၌ သထုံမြို့နယ်အတွင်း စစ်တပ်ပါတီ (USDP) မှ လွှတ်တော်နေရာသုံးခုလုံးတွင် အနိုင်ရရှိထားသည်။
စစ်ကော်မရှင်မှ ၎င်းတို့ကျင်းပနေသည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်သူများကို မြေပြင်နှင့်အွန်လိုင်းပေါ်မှာမကျန်စောင့်ကြည့်လေ့လာနေပြီး ပြဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေကြောင့် ပြည်သူ၁၀၀နီးပါး ဖမ်းဆီးခံထားရပြီးဖြစ်ကြောင်းသိရသည်။


