မွန်ပြည်နယ် မြို့နယ်(၅) မြို့နယ်၌ ပြုလုပ်ခဲ့သည့် စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း(၁)တွင် မွန်ညီညွတ်ရေးပါတီ(MUP) မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦးသာ အနိုင်ရရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းမြစ်များမှ သိရသည်။
မဲရလဒ်များအရ မွန်ညီညွတ်ရေးပါတီမှ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၄) ကိုယ်စားလှယ်လောင်း နိုင်အမ်ချမ်းမွန်(ခ) မင်းစိုးခိုင်မှ အမျိုးသားလွှတ်တော်နေရာနှင့် မင်းစိုးသူမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်နေရာအတွက် စစ်တပ်ပါတီ USDP မှ အသာစီး ရရှိခဲ့သည်။
သို့သော် စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်မှ တစ်စုံတစ်ရာအတည်မပြုသေးသည့်အပြင် ပါတီဝန်းရံသူအားနည်းနေခြင်းကြောင့် မြေပြင်မှရသမျှအချက်အလက်များကို လိုက်လံစုဆောင်းနေရပြီး အတိအကျပြောဆိုင်နိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
"UEC က ဘာမှအတည်မပြုသေးတော့ အဲ့လောက်ပဲသိရသေးတယ်။ UEC က ရွေးကောက်ပွဲ ၃ ပိုင်းလုံးပြီးစီးမှ ရလဒ်ထုတ်မှာဆိုတော့ မပြောနိုင်သေးဘူး။ အခုမြေပြင်သတင်းအရက ကျိုက်မရော၊ ကျိုက်ထိုနဲ့ သထုံဘက်မှာတော့ အခြေအနေမကောင်းဘူး"ဟု ဆိုသည်။
ယမန်နေ့ညက မဲရေတွက်စဉ်တွင် ချောင်းဆုံမြို့နယ် လွှတ်တော်နေရာ သုံးရပ်လုံးအတွက် မွန်ညီညွတ်ရေးပါတီမှ အနိုင်ရရှိထားသော်လည်း နံနက်ပိုင်းမဲအားလုံးရေတွက် ပြီးစီးချိန်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် USDP မှ အနိုင်ရရှိခဲ့သည့် ဝေဖန်ပြောဆိုချက်များလည်း ရှိနေသည်။
စစ်ကော်မရှင်ရွေးကောက် အပိုင်း(၁)တွင် ပါဝင်သည့် မွန်ပြည်နယ် မြို့နယ်(၅) မြို့နယ်အနက် ကျိုက်ထို၊သထုံ၊ကျိုက်မရောနှင့်မော်လမြိုင် မဲဆန္ဒနယ်တို့တွင် လွှတ်တော်နေရာသုံးရပ်လုံးအတွက် စစ်တပ်ပါတီ USDP မှ အပြတ်အသပ် အနိုင်ရရှိနေသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့က နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် စစ်ကော်မရှင်မှ ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းအချက်အလက်အရ ရန်ကုန်၊မန္တလေး၊ မွန်ပြည်နယ်နှင့် ပဲခူ့တိုင်း၊ ကချင်၊ ကယားပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၄၉ မြို့နယ်တွင် အနိုင်ရရှိထားကြောင်းလည်း သိရသည်။




