spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်လူမျိုးတို့၏ပန်းတိုင်နှင့်ဆန့်ကျင်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ဟု မွန်လူငယ်အဖွဲ့ ထုတ်ပြန်

    မွန်လူမျိုးတို့၏ပန်းတိုင်နှင့်ဆန့်ကျင်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ဟု မွန်လူငယ်အဖွဲ့ ထုတ်ပြန်

    -

    စစ်ကောင်စီမှ ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲသည် မွန်လူမျိုးတို့၏ပန်းတိုင်ဖြစ်သော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဆန့်ကျင်နေသည့်အတွက် ကန့်ကွက်သည်ဟု တိုးတက်သောမွန်လူငယ်များအစည်းအရုံး (MYPO) က ထုတ်ပြန်ပြောဆိုလိုက်သည်။

    စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုခိုင်မာအောင် အသက်သွင်းခြင်းဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်းလည်း ရွေးကောက်ပွဲနေ့လည်းဖြစ်သည့် ယနေ့ ကျရောက်သော ၁၄ ကြိမ်မြောက် မွန်လူငယ်များနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြရေးသားထားခြင်းဖြစ်သည်။

    တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) အနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အာလုံး ပပျောက်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် ဘဝတူတိုင်းရင်းသားလူငယ်များနှင့်အတူ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စဥ်ဆက်မပြတ် ကျရာအခန်းကဏ္ဍမှ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

    လက်ရှိ မွန်ပြည်တွင်းရှိ စစ်ကောင်စီ စိုးမိုးနယ်မြေများတွင် လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခံခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်ခြင်းအပါအဝင် အလွန်လျော့ရဲလာသည့် တရားဥပဒေစိုးမိုးမှုကြောင့် လူငယ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့် ရာဇဝတ်မှုများ အလွန်များပြားလာသည့်အတွက် လူငယ်များ အထူးသတိထားရန် လိုအပ်ပြီး လူငယ်အရေးလှုပ်ရှားကြသည့်အဖွဲ့အစည်းများ ချိတ်ဆက်ဆောင်ရွက်ကြရန် MYPO က တိုက်တွန်းထားသည်။

    ၁၄ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသ ပနန်ပုံကျေးရွာတွင် ယနေ့ ကျင်းပခဲ့သည်။

    အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကုန်ဆုံးမည့် ရွေးကောက်ပွဲအဆင့် သုံးဆင့်ကို စစ်ကောင်စီက ကြေညာထားရာ ယနေ့တွင် ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် မွန်ပြည်နယ်မှ ၅ မြို့နယ်အပါအဝင် နိုင်ငံတဝန်း မြို့နယ် ၁၀၂ ခုတို့တွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks