spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမြဝတီဒေသက ကျားဖြန့်လုပ်ငန်းအချို့ ဘုရားသုံးဆူဖက် ရွေ့လာဟု ဆို

    မြဝတီဒေသက ကျားဖြန့်လုပ်ငန်းအချို့ ဘုရားသုံးဆူဖက် ရွေ့လာဟု ဆို

    -

    ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင်တပ် အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့က ဖမ်းဆီးနေခြင်းကြောင့် အဆိုပါ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် ဘုရားသုံးဆူဒေသသို့ ရွေ့ပြောင်းလာမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

    နိုဝင်ဘာလအစောပိုင်းကစ၍ စစ်ကော်မရှင်သည် မြဝတီဒေသရှိ ရွှေကုက္ကိုလ်၊ K K Park မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကို ဖမ်းဆီး၍ အဆောက်အအုံများ ဖြိုချက်ဖျက်စီးမှုများ လုပ်ဆောင်နေသည်။

    အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) လုံခြုံရေးပေးမှုဖြင့် လည်ပတ်နေသော မင်းလက်ပံရွာရှိ ကျားဖြန့်လုပ်ငန်းများကို နိုဝင်ဘာလကုန်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်။

    ထိုကြောင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်လူမျိုး ၁ ထောင်နီးပါး အောက်တိုဘာလကတည်းက ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “မြဝတီတို့ ရွှေကုက္ကိုလ်တို့ဖက်မှာ ကျားဖြန့်လုပ်ငန်းတွေကို အဖမ်းအဆီး လုပ်နေတဲ့အခါကြတော့ အဲဒီဖက်မှာ ကျားဖြန့်လုပ်ငန်းလုပ်နေကြတဲ့ တရုတ်အပါအဝင် မြန်မာတွေရော တချို့ဒီဖက်ကို ရောက်လာတာတွေ ရှိတယ်။ တချို့က ဒီဘုရားသုံးဆူမြို့မှာ နေထိုင်တာ ရှိသလို တချို့ကလည်း ဘုရားသုံးဆူမြို့ရဲ့ အပြင် DKBA ရဲ့ နယ်မြေထဲမှာ နေထိုင်တာ ရှိတယ်။ ရောက်လာတာက ဘယ်လို ပြောမလဲ ၂၀၂၅ အောက်တိုဘာလောက် ကတည်းကိုက ဒီဖက်ကို ရောက်နေတာ ရှိတယ်နော်၊ အနည်းဆုံး တရုတ် ၁၀၀၀ နီးပါး ဒီဖက်ကို ရောက်လာတာ ရှိတယ်နော်” ဟု ပြောသည်။

    လက်ရှိ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်ဆဲဖြစ်ပြီး ယခင် ၂၀၂၄ ခုနှစ်လောက် ကျယ်ပြန့်မှု မရှိတော့ပေမယ့် ၇၀ ရာခိုင်နှုန်းအထိ ရှိနေသေးကြောင်း သိရသည်။

    မြဝတီဒေသတွင် ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးနေသော်လည်း ဘုရားသုံးဆူတွင် ဖမ်းဆီးမှု မရှိကြောင်း၊ ဘုရားသုံးဆူမြို့ကို ထိုင်းအစိုးရမှ လျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း တရုတ်များက ကိုယ်ပိုင်မီးစက်များ၊ အင်တာနက်များဖြင့် လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

    ဒေသခံတစ်ဦးက “မြဝတီဖက်မှာ အဖမ်းအဆီးတွေ များလာတော့ သိရသလောက် ဘုရားသုံးဆူဖက် ရောက်လာတာရှိတယ်၊ ဘုရားသုံးဆူကို ရောက်လာတာက ၁ ထောင်၊ ၁ ထောင်ကျော် အဲဒီလောက်ပဲ၊ သိထားသလောက်ဆိုရင် မော်လမြိုင်မြို့ပေါ်မှာ ကျားဖြန့်လုပ်တဲ့ တရုတ်တွေ ရှိမယ်၊ ဖားအံဖက်က ဇွဲကပင်ဖက်မှာ ရှိတယ်လို့ ကြားထားတယ်၊ ဒါက တိတိကျကျတော့လည်း အတည်ပြုလို့ မရသေးဘူး။ ဘုရားသုံးဆူဖက် ရောက်လာတာ ၁ ထောင်ကျော်ကတော့ အတည်ပြုလို့ရတယ်” ဟု ပြောသည်။

    အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကြောင့် ထိုင်းအစိုးရ၏ လျှပ်စစ်မီးဖြတ်တောက်ခြင်းကို ဘုရားသုံးဆူ ဒေသခံများက ကြုံတွေ့နေကြရသည်။

    လက်ရှိ ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့က ထိန်းချုပ်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks