ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်းကိုးဆယ်အထိမြင့်တက်နေပြီး ကမ္ဘာ့ရွှေဈေး မတည်ငြိမ်မှုဖြစ်နေစဉ် ရွှေအရောင်းအဝယ်မလုပ်ဆောင်နိုင်ဘဲ အိမ်၊ ခြံ၊ မြေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုပိုများလာသည်ဟု စီးပွားရေးလုပ်ငန်းရှင်များမှ ပြောသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းများ၏ ရွှေဈေးကွက်အဖွင့်ဈေးအရ ယနေ့ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြည်တွင်းရွှေဈေးနှုန်း(စနစ်ဟောင်း) ၁၆ ပဲရည်တစ်ကျပ်သားဝယ်ဈေး ၉၂၃၀၀၀၀ ကျပ်နှင့် ရောင်းဈေး ၉၂၇၀၀၀၀ ကျပ်သို့ရောက်ရှိလာနေပြီး စစ်ကော်မရှင် သတ်မှတ်ထားသည့် ရွှေရည်ညွှန်းဈေးသည် ၅၉၉၀၀၀၀ ကျပ်သာ ရှိနေသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ ရွှေအရောင်းအဝယ်မလုပ်ဆောင်ရဲသည့်အခြေအနေတွင် ပြည်ပအလုပ်လုပ်ကိုင်နေကြသူများ၊ ပြည်တွင်းစီးပွားရေး လုပ်ကိုင်သူများ ရွှေအစား အိမ်၊ ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုပိုများလာသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ငွေတန်ဖိုးကလည်းမရှိတော့ နိုင်ငံခြားကပို့တဲ့ပိုက်ဆံတွေနဲ့ မော်လမြိုင်မှာဆိုရင် ခြံမြေဘက်ရင်းနှီးမြှုပ်နှံကြတယ် ၊လူလတ်တန်းစားဆို တစ်ဆင်စာလောက်ပဲဝယ်နိုင်ကြတယ်၊ များများစားစားမဝယ်ရဲကြတော့ဘူး အခုက လူတိုင်းကြပ်တည်းနေကြတယ်” ဟု ပြောသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၄၁၄ မှ ယနေ့တွင် တစ်အောင်စ ၄၄၈၄ အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးမမရေရာမှုများ အမေရိကန်ဗဟိုဘဏ်၏အခြေအနေ အခွန်အကောက် အငြင်းပွားမှုများ၊ ယူကရိန်း စစ်ပွဲအပါအဝင် ကမာ့္ဘနိုင်ငံရေးအပေါ်စိုးရိမ်ပူပန်မှုများကြောင့် ယခုလိုမြင့်တက်လာခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်၏ ရွှေအရောင်းအဝယ်ပြုလုပ်သူများနှင့် ရွှေဆိုင်၊ စိန်ဆိုင်များအား ယခင်အသုံးပြုနေသည့် ဆိုင်ဘောက်ချာအစား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပေးသည့် ဘောက်ချာများနှင့်ရောင်းဝယ်ပြုလုပ်ရန်လည်း ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်ထားသည်။
၎င်း၏အရောင်းအဝယ်ဥပဒေနှင့် ရည်ညွှန်းဈေးအတိုင်းရောင်းချရန်အဆင်မပြေကြောင်း၊ လက်ရှိတွင် စစ်ကော်မရှင်သတ်မှတ်ရည်ညွှန်းဈေး ငွေကျပ်သိန်း ၃၀ ခန့်ကွာဟနေပြီး၊ ရွှေဆိုင်များရွှေ အရောင်းအဝယ်ဖြင့်သာလည်ပတ်နိုင်သည်ဟု သံဖြူဇရပ်မြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
“ဆိုင်ကဒီတိုင်းဖွင့်ရုံလေးပဲ ရိုးရိုးအရောင်းအဝယ်လောက်ပဲ မနေ့ကဆို ၉၀သိန်းနဲ့ ၂ သောင်းအထိပေါ့နော်၊ ရည်ညွှန်ဈေးက ၆၀ လောက်ပဲရှိတယ်၊ သူတို့ ဘောက်ချာနဲ့မှ ဘယ်လောက်အလေးချိန် ရောင်းရသလဲဆိုတာကိုစာရင်းတင်ရတယ် ရည်ညွှန်းဈေးရောင်းခိုင်းရင် ရည်ညွှန်းဈေးဝယ်တဲ့ နေရာရှိရမယ်၊ အဲ့အတိုင်း ဘယ်သူမှမရောင်းဘူး အဆင်ပြေတဲ့နည်းနဲ့ ရောင်းကြတယ်။ ကမ္ဘာ့အတိုးနှုန်းချမယ် ပြောတယ်ဆိုတော့ စောင့်ကြည့်နေရတယ် ဘယ်လိုပြောင်းမလဲမသိဘူး ဒေါ်လာနဲ့ကမ္ဘာ့ဈေးကွက်နဲ့ပဲသွားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာဒုတိယအပတ်တွင် အမေရိကန်ဗဟိုဘဏ်မှ ချေးငွေထုတ်ပေးမည့်အကြောင်းအရာအပြင် အတိုးနှုန်းလျှော့ချမည်ဆိုသည့်သတင်းထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာသည်။
လက်ရှိရောက်နေသည့် ရွှေဈေးကွက်သည် သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေသပြီး ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ရောင်းမှားဝယ်မှား မဖြစ်ရန်လည်း ရွှေလုပ်ငန်းရှင်များက တိုက်တွန်းထားသည်။


