spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းပုလောမြို့နယ်၊ CDM ဆရာမဇနီးမောင်နှံ သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်စေလိုဟုဆို

    ပုလောမြို့နယ်၊ CDM ဆရာမဇနီးမောင်နှံ သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်စေလိုဟုဆို

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ မတရားလုပ်ကြံ သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဆောင်ရွက်ပေးစေလိုသည်ဟု ပုလောမြို့နယ် CDM ပညာရေးအသိုင်းအဝိုင်းက IMNA မှတစ်ဆင့် တိုက်တွန်း ပြောဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်က တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းရှိ ပုလောမြို့နယ်၊ ဒူရင်းပင်ရှောင်ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာတွင် နေထိုင်သူ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမကြီးဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ကို မသမာသူ လူတစ်စုက ၎င်းတို့၏နေအိမ်တွင် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

    အဆိုပါ ဇနီးမောင်နှံကို သတ်ဖြတ်ကျူးလွန်ခဲ့သူ လူတစ်စုသည် KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၅) တွင် ချူပ်နှောင်ထားသည့် အပြစ်သား ၄ ဦးတို့ဖြစ်ပြီး အချုပ်မှ ထွက်ပြေးလွတ်မြောက်နေစဉ် ဆရာမဒေါ်အေးသီတာအောင် နေအိမ်သို့ ထမင်းသွားတောင်းစားရာမှ မပေးသည့်အတွက် ဓားဖြင့် ခုတ်သတ်ခဲ့ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ် ခရိုင်မှ  ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ရှင်းလင်းသည်။

    မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ရှင်းလင်းချက်သည် မြေပြင်နှင့်ကွဲလွဲမှုများရှိနေပြီး မတရားသတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး သက်ဆိုင်ရာအဖွဲ့အစည်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်  အမြန်ဆုံး ဆက်လက်ဆောင်ရွက်စေလိုသည်ဟု ပုလောမြို့နယ် CDM ပညာရေးအသိုင်းအဝိုင်းက သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ပုံ- ပုလော CDM အသိုင်းအဝိုင်း

    “ဒီဖြစ်စဉ်ဟာ တော်လှန်ရေးနယ်မြေထဲက ပညာရေးလောကတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုကြီးပါ။ အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေချင်တယ်။ အခင်းဖြစ်ပွားတဲ့ အိမ်ရဲ့ပတ်ပတ်လည်မှာလည်း အိမ်တွေရှိတယ်။ အခု ဖမ်းမိပြီလို့ ဆိုပေမဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်နဲ့ မြေပြင်အခြေအနေနဲ့က မကိုက်ညီတာကို တွေ့နေရတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်အရင်းက ပြောသည်။

    KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်အတွင်း ပါဝင်သူများသည် အမှန်တကယ်ပြစ်မှုကျူးလွန်သူများ မဟုတ်ဟုဆိုသော်လည်း အကြောင်းအရာအသေးစိတ် ဆက်လက်ရှင်းပြထားခြင်းမရှိသဖြင့် IMNA မှ အတည်ပြုနိင်ခြင်းမရှိသေးပေ။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးနယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသူ CDM ဝန်ထမ်းများ၏ ဘဝလုံခြုံရေးကို နယ်မြေထိန်းချုပ်သူများက တာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်းနှင့် ပိုမိုထိရောက်သည့် ကာကွယ်မှုများ ပေးသင့်ကြောင်း အထက်ပါ သတင်းအရင်းမြစ်က တိုက်တွန်းသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် ပုလောမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုအတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးစေရေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း တနင်္သာရီတိုင်းအတွင်းရှိ CDM ပညာရေးအစုအဖွဲ့ (၁၅) ဖွဲ့က ပူးတွဲတိုက်တွန်းခဲ့ပြီး ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း တော်လှန်ရေးထိန်းချုပ်နယ်မြေ၊ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း NUG လက်အောက်ခံရှိ မြို့နယ်ပညာရေးတာဝန်ခံ ဇနီးမောင်နှံအပြင်
    သုံးလကျော်အရွယ် သမီးငယ်တစ်ဦးကို လူတစ်စုက လာရောက်သတ်ဖြတ်ခဲ့ပြီး ယနေ့ချိန်အထိ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks