Home သတင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်ဒေသခံ (၂၄၀) ဦးအား မြေယာပိုင်ဆိုင်ကြောင်း အသိမှတ်ပြုစာရွက်စာတမ်းပေးအပ်

မွန်ပြည်သစ်ပါတီ သထုံခရိုင်ဒေသခံ (၂၄၀) ဦးအား မြေယာပိုင်ဆိုင်ကြောင်း အသိမှတ်ပြုစာရွက်စာတမ်းပေးအပ်

မွန်ပြည်သစ်ပါတီ သထုံခရိုင်တာဝန်ရှိသူများမှဦးစီးပြီး မွန်မြေမူဝါဒအဖွဲ့မှ စီစဉ်ပြုလုပ်သည့် မြေယာပိုင်ဆိုင်ကြောင်း အသိမှတ်ပြုစာရွက်စားတမ်ပေးအပ်ပွဲကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ဝဲရိတ်ရွာရှိ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ (၂၄၀) ဦးအား မြေယာပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများကို ပေးအပ်ခဲ့ကြောင်း မွန်မြေမူဝါဒ(Mon land Institue) လူမှုကွန်ရက်စာမျက်နှာမှ ဖော်ပြချက်အရ  သိရသည်။

၂၀၂၃ ခုနှစ်က စတင်ခဲ့သည့် မွန်မြေမူဝါဒအဖွဲ့၏ မြေယာပိုင်ဆိုင်ကြောင်း အသိမှတ်ပြုစာရွက်စာတမ်းပေးအပ်ရေး လုပ်ငန်းအစီအစဉ်ကို မွန်ပြည်သစ်ပါတီ တာဝန်ရှိသူအဆင့်ဆင့်က သထုံခရိုင်ဒေသ ကျေးရွာ(၁၀)ရွာအတွင်း ပြုလုပ်ခဲ့သည့် မြေယာတိုင်းတာခြင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးခဲ့ပြီး လက်ရှိတွင် မြေယာပိုင်ဆိုင်ခြင်းအထောက်အထား စာရွက်စာတမ်းများကို ဒေသခံများထံ အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ကြောင်း ဆိုသည်။

နိုင်ငံရေးနှင့် ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် ယခုအကြိမ်ပြုလုပ်သည့် စာရွက်စာတမ်းပေးအပ်ရေးအစီအစဉ် အနည်းငယ်နောက်ကျခဲ့ကြောင်းလည်း မွန်မြေမူဝါဒ၏ မြေယာပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းထုတ်ပေးရေးအစီအစဉ် တာဝန်ရှိသူများမှ သိရသည်။

မြေယာပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းထုတ်ပေးရေး အခမ်းအနားသို့ သထုံခရိုင်တာဝန်ရှိသူများ၊ မွန်မြေမူဝါဒရုံးအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့များ၊ ဒေသခံလယ်ယာအဖွဲ့နှင့်  ဥယျာဉ်ခြံပိုင်ရှင်များ အပါဝင် လူဦးရေ ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။

ပုံ-မွန်မြေမူဝါဒ(Mon land institue)

"အစိုးရကနေ ထုတ်ပေးနေတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်-ပုံစ (၇)က နှစ် ၃၀ လောက်ပဲ အသုံးပြုခွင့်ရမှာ။ သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင် ထပ်ပြီးသက်တမ်းတိုးရမှာ။ အခုကျနော်တို့ထုတ်ပေးတဲ့ မွန်ပြည်သစ်ပါတီရဲ့ မြေယာပိုင်ဆိုင်ကြောင်း အသိမှတ်ပြု စာရွက်ဆိုရင် ဒီလူက ဒီမြေယာမှာလုပ်မယ်ဆိုရင် ဒီလူကပဲ မြေယာပိုင်ခွင့်ရပြီးတော့ သူ့ရဲ့သားစဉ်မျိုးဆက် အဆင့်ဆင့်လည်း လုပ်ခွင့်ရှိမယ်။ ကျနော်တို့အသိမှတ်ပြုတယ်"ဟု သထုံခရိုင်ဥက္ကက အခန်းအနားတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၆၊၁၇) ရက်နေ့က နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်း ဒုတိယအကြိမ်ပြုလုပ်သည့် အစီအစဉ်ဖြစ်သည်ဟုလည်း သိရသည်။

အသိမှတ်ပြုစာရွက်စာတမ်း ရရှိသည့် မြေယာပိုင်ဆိုင်သူများမှာ ကျိုက်ခဘင်ရွာ၊ မင်းရွာ၊ ကော့ဂူ ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၂၄၀ ဦးတို့ ပါဝင်ကြောင်း သိရသည်။

မြေယာပိုင်ဆိုင်သူ တရနာဒေသခံတစ်ဦးက "ဒီလိုစာရွက်အထောက်အထားတွေ ပိုင်ဆိုင်ရတော့ ပြောမပြတတ်အောင်ကို ဝမ်းသာတယ်။ အရင်ကဆို ကျနော်တို့ ဒီမြေတွေကို ပိုင်ဆိုင်ခွင့် မရှိသလိုမျိုးတော့ ဖြစ်တာပေါ့နော်။ အခုစာရွက်တွေရလာတော့ ကျနော်တို့အတွက် အများကြီးထူးခြားလာတယ်။ အကာအကွယ်အမျိုးမျိုးလည်း ဖြစ်ပါတယ်။"ဟု ဆိုသည်။

အဆိုပါ မြေယာပိုင်ဆိုင်မှုစာရွက်အတွင်း မြေယာပိုင်ဆိုင်သူ၏ အမည်၊ အိမ်ထောင်ဖက်အမည်နှင့် လက်ရှိမြေယာကို မည်သို့ရရှိလာသည့် သမိုင်းအကြောင်းအရာများလည်း ထည့်သွင်းထားသည်။ ၎င်းအပြင် မြေယာပိုင်ဆိုင်သူ၏ လက်မှတ်၊ အချက်အလက်ဖြည့်စွက်သူ၏ လက်မှတ်၊ မြို့နယ်၊ ခရိုင်တာဝန်ရှိသူများ၏ လက်မှတ်အပြင် မွန်ပြည်ပါတီ(ဗဟို)မှ သစ်တောဦးဌာန လက်မှတ်၊ မြေအရွယ်အစား၊ ပုံပန်းသဏ္ဍာန် စသည့် အချက်အလက်များ ပါဝင်သည်။

လာမည့် ဒီဇင်ဘာ ၂၀၊၂၁ ရက်နေ့တွင်လည်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံ ၁၄၀ ကို မြေယာပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများ ဆက်လက်ပေးအပ်သွားရန်ရှိပြီး ၂၀၂၆ နှစ်ဆန်းပိုင်းတွင်လည်း ဘုရားသုံးဆူဒေသဘက်သို့ ဆက်လက်လှုပ်ရှားဆောင်ရွက်ပေးသွားရန်ရှိကြောင်း မွန်မြေမူဝါဒအဖွဲ့မှ သိရသည်။