spot_img
Friday, December 19, 2025
More
    spot_img
    Homeသတင်းမြေပြင်မဲဆွယ်စည်းရုံးချိန် လုံခြုံရေးအခြေအနေကြောင့် ပါတီကိုယ်စားလှယ်လောင်းများ လှည့်ပြန်ရ

    မြေပြင်မဲဆွယ်စည်းရုံးချိန် လုံခြုံရေးအခြေအနေကြောင့် ပါတီကိုယ်စားလှယ်လောင်းများ လှည့်ပြန်ရ

    -

    ရက်ပိုင်းသာလိုတော့သည့် စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် မြေပြင်မဲဆွယ်စည်းရုံးရေး အရှိန်မြင့်လုပ်ဆောင်နေစဉ် တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေနှင့် နီးစပ်ရာနေရာများတွင်  စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက လုံခြုံရေးမပေးနိုင်သဖြင့် မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိဘဲ လှည့်ပြန်နေရကြောင်း ပါတီကိုယ်စားလှယ်လောင်းနှင့် နီးစပ်သူများက ဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ သထုံမြို့နယ်အတွင်းသို့ လက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေစဉ် မရမ်းကုန်းကျေးရွာမှ ပြည်သူ့စစ်အဖွဲ့များ လုံခြုံရေးအခြေအနေတာဝန်ယူပေးခြင်းမရှိသဖြင့် ကိုယ်စားလှယ်လောင်းများကို မဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ် ပေါင်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်း စသည့်မြို့နယ်များမှ ကျေးရွာအုပ်စုပေါင်း ၁၄၀ တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်သဖြင့် ၎င်းနေရာများသို့ စစ်ကော်မရှင် ပြည်သူ့စစ်အဖွဲ့မှ ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ဟု ဆိုထားကြောင်း ပြည်သူ့ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပုံ-ဝရဇိန်ပေါင်

    “လုံခြုံရေးမပေးတော့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့က သူတို့မသွားရဲဘူး။ ပြည်သူ့စစ်တွေက သူတို့တာဝန်မယူပေးဘူး။ အများစုက ဒီလက်နက်ကိုင်တွေ၊ သူတို့ မလိုက်ပေးတာ။ မဲဆွယ်ခွင့်ကို သူတို့မတားဘူး သွားလို့ရတယ်။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သူတို့မကာကွယ်ပေးဘူးပေါ့။ အဲဒါကြောင့်ပြဿနာတက်ပြီး ဆက်မသွားဘဲပြန်လာတာ၊ ရပ်ကွက်ကျေးရွာတွေမှာ မဲဆွယ်မရဘဲ မြို့ပေါ်မှာပဲ စည်းရုံးနေရတယ်” ဟု သူက ပြောသည်။

    အဆိုပါအခြေအနေများကြောင့်  နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများက ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့အချို့ကို ဖိတ်ခေါ် ပြီး မြို့ပေါ်ဟိုတယ်၊ ခန်းမများတွင်သာ မဲဆွယ်စည်းရုံး ဟောပြောမှုများလုပ်ဆောင်နေခြင်းနှင့် Facebook၊ TikTok၊ YouTube၊ Telegram စသည့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်လည်း မဲဆွယ်စည်းရုံးမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်နေရကြောင်း ဆက်ပြောသည်။

    ထို့ကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ပါတီကိုယ်စားလှယ်လောင်းများက ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘဲ ရွေးကောက်ပွဲအပေါ် ဒေသခံပြည်သူများ စိတ်ဝင်စားမှုသိသိသာသာ လျော့ကျနေကြောင်း ဆိုသည်။

    “ အခုမြို့ပေါ်တွေမှာပဲ လှုပ်ရှားလို့ရတယ်။ သူတို့က လုံခြုံရေးအတွက် မစောင့်ပေးတော့ ကိုယ်စားလှယ်တွေသွားဖို့က အဆင်မပြေဘူး၊ မလုံခြုံဘူး။ ကိုယ်သွားချင်တယ်ဆိုရင် ကိုယ်ရဲ့ လုံခြုံရေးကို ကိုယ်ပဲ တာဝန်ယူရတယ်။ အဲလိုဖြစ်နေတယ်၊ သွားခွင့်တားထားတဲ့နေရာတွေလည်း အများကြီး၊ လက်လှမ်းမှီနိုင်တဲ့ နေရာလောက်ပဲ မဲဆွယ်ရတယ်။ အရင်ကလိုမျိုး လွတ်လွတ်လပ်လပ်မဲသွားစည်းရုံးလို့မရဘူး။ တင်းကြပ်လာတယ်။ အွန်လိုင်းကိုပဲ အားထားနေရတယ် ” ဟု အမျိုးသားတိုးတက်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    မဲဆွယ်စည်းရုံးခွင့်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ကာလအထိ ပြုလုပ်ခွင့်ရှိသော်လည်း ရက်အနည်းငယ်သာ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဆိုသည်။

    ယခုနှစ်မဲဆွယ်စည်းရုံးသည့်အခါတွင် လမ်းမများနှင့် ယာဉ်တန်းများတွင် ပါတီအလံချိတ်ဆွဲခွင့်မရှိခြင်း၊ ပါတီမဲနိုင်ရေးအတွက် သီချင်းသံများဖွင့်ခွင့်မရှိခြင်း၊ ကိုယ်စာလှယ်အလောင်းနှင့် လူထူများအကြား ထိတွေ့ဆက်ဆံခွင့်မရခြင်း၊ ရပ်ရွာအတွင်း တန်းစီလှည့်လည်ပြီး မဲဆွယ်ခွင့်များကိုလည်း လွတ်လပ်စွာဆောင်ရွက်ခွင့်မရှိဟု သိရသည်။

    လာမည့်စစ်ကော်မရှင်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မွန်ညီညွတ်ရေးပါတီနှင့်၊ ပအိုဝ့်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

    တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးရာနေရာအနီး ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး လှုပ်ရှားဆောင်ရွက်မည်ဆိုပါက ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး ရွေးကောက်ပွဲဆန့်ကျင်ရေးဥပဒေအရ အရေးယူရန် ပြင်ဆင်နေဆဲဖြစ်သည်ဟု MSFC ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီမှ တာဝန်ရှိသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts