spot_img
Friday, December 19, 2025
More
    spot_img
    Homeသတင်းတပ်ပေါင်းစုမှ ကြီးမားသည့် မဟာဗျူဟာကျစစ်ဆင်ရေးစီမံချက်များကို အိပ်မက်မက်နိုင်ပြီးဟုဆို

    တပ်ပေါင်းစုမှ ကြီးမားသည့် မဟာဗျူဟာကျစစ်ဆင်ရေးစီမံချက်များကို အိပ်မက်မက်နိုင်ပြီးဟုဆို

    -

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ ကြီးမားသည့်အင်အားစုကို တည်ဆောက်နိုင်ပြီးဖြစ်ခြင်းကြောင့် မဟာဗျူဟာကျသည့်စစ်ဆင်ရေးစီမံချက်များကို အိပ်မက်မက်နိုင်ပြီးဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)  ပြောရေးဆိုခွင့်တာဝန်ရှိသူက IMNA သို့ ပြောကြားသည်။

    (SRA) ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့်ပတ်သတ်၍ ပြောရေးဆိုခွင့်ရှိသူက တပ်ပေါင်းစုတွင် ပါဝင်သောတပ်ဖွဲ့များသည် မြန်မာပြည်အနှံ့အပြားဒေသအသီးသီးတွင် စစ်အုပ်စုကို တော်လှန်လှုပ်ရှားနေကြပြီး အထိုက်အလျောက်အောင်မြင်မှုရရှိသည့် အခြေအနေများရှိသလို တစ်ဖွဲ့ချင်းစီလှုပ်ရှားရာတွင် လူအင်အား၊ လက်နက်အင်အား၊ နည်းပညာလိုအပ်ချက်များကြောင့် အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ရသည့် အခြေအနေများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

    တပ်ပေါင်းစုရှိတပ်ဖွဲ့အားလုံး၏ ဘုံသဘောတူညီချက်သည် စစ်အနိုင်ရရှိရေးအထိဖြစ်ပြီး၊ ကနဦးအနေဖြင့် မြေပြင်တွင် လက်တွေ့ကျသည့်အလုပ်ကို လုပ်ဆောင်သွားရန်ရှိပြီး၊ အားသာချက်၊ အားနည်းချက်များကိုဖြည့်စွက်ကာ လက်တွဲဆောင်ရွက်မှုများကိုတိုးမြှင့်သွားရန်ရှိသည်ဟု (SRA) ၏ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောသည်။

    “တပ်ပေါင်းစုမှာမဖွဲ့ခင်မှာ အိပ်မက်အကြီးကြီးမက်လို့မရဘူး။ စစ်ဆင်ရေး မဟာဗျူဟာကျတဲ့ စီမံချက်အကြီးကြီးတွေဆွဲလို့မရဘူး။ နိုင်သလောက် လုပ်ရတဲ့အခြေအနေဖြစ်တယ်။ တပ်ပေါင်းစုတွေ ဖြစ်လာပြီးဆိုရင် ကျနော်တို့ဒီထက်ပိုကြီးတဲ့ အိပ်မက်တွေမက်လာလို့ရပြီး။ ပိုကြီးတဲ့ မဟာဗျူဟာကျတဲ့ စစ်ဆင်ရေး စီမံချက်တွေကို စဉ်းစားလို့ရပြီး ဆွေးနွေးလို့ရပြီးချမှတ်လို့ပြီးဆိုတဲ့ အခြေအနေရှိတယ် တစ်ဖွဲ့နဲ့တစ်ဖွဲ့က အားနည်းချက်၊ အားသာချက်တွေ အပြန်အလှန်ဖြည့်ပြီး ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ပိုပြီးကြီးမားတဲ့ အင်အားစုကို ဒုနဲ့ဒေးနဲ့တည်ဆောက်လိုက်နိုင်ပြီး ” ဟု ဆိုသည်။

    ၂၀၂၅ ခုနှစ် မေလမှစ၍ ခိုင်မာအားကောင်းသည့် နွေဦးတော်လှန်ရေးမဟာမိတ်ပေါင်းစု Spring Revolution Alliance (SRA) ကို ဖွဲ့စည်းတည်ဆောက်နိုင်ရန် စတင်ညှိနှိုင်းခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလက နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်ခဲ့ပြီး ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

    တော်လှန်ရေးတပ်များညီညွတ်ရေးနှင့် ပေါင်းစည်းလက်တွဲနိုင်ရေးသည် ပြည်သူများလိုလားသည့် အဓိကလမ်းညွှန်ချက်တစ်ခုဖြစ်သောကြောင့် တပ်ပေါင်းစု
    ဖြစ်ပေါ်လာခြင်းသည် ပြည်သူ၏လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

    လက်ရှိတပ်ပေါင်းစုသည် ရေသေမဟုတ်ဘဲ ရေရှင်ဖြစ်သည့်အတွက် မျှော်ရည်သည့်အောင်ပွဲဆီ ရောက်ရှိရေးသည် တပ်ပေါင်းစု ၁၉ ဖွဲ့တည်းနှင့်မလုံလောက်ကြောင်း
    ကြီးမားသော တပ်ပေါင်းစု တစ်ရပ်ဖြစ်နိုင်ရန် အခြားသောနွေဦးတော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆွေးနွေး သွားရန်ရှိသည်ဟုလည်း ကိုမင်းထက်ဟန်မှဆက်ပြောသည်။

    “ဒီ ၁၉ ဖွဲ့တည်းနဲ့ရပ်တန့်သွားမှာမဟုတ်ဘူး ဒီထက်ပိုပြီးကြီးမား ကျယ်ပြန့်တဲ့တပ်ပေါင်းစုတစ်ရပ် ဖြစ်လာနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်၊ အခြားသောအဖွဲ့တွေလည်း တော်လှန်ရေးမှာ တိုက်ပွဲ ဝင်နေကြတဲ့ ပေးဆပ်နေကြတဲ့တကယ့်ကို ခံယူချက်ကောင်းကောင်းနဲ့စွမ်းနေကြတဲ့ အဖွဲ့တွေအများကြီးရှိတယ်။ ဘုံရည်မှန်းချက်တူတဲ့အဖွဲ့တွေဘယ်သူမဆိုလက်တွဲဖို့လေးလေးစားစားနဲ့ ပူးပေါင်းဆွေးနွေးသွားမှာဖြစ်တယ် ရေရှည်မှာတော့ဒီလိုမျိုးတပ်ပေါင်းစုတွေစုပြီး ကွဲသွားတာတို့ စုပြီးရင်အလုပ်မဖြစ်တော့တဲ့ အခြေအနေတို့ အဲ့လိုမျိုးပုံစံမျိုးနဲ့ တကယ့်လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။

    တပ်ပေါင်းစုအဖွဲ့အများစုသည် EROs တပ်များနှင့်ပူးတွဲစစ်ရေးလှုပ်ရှားနေပြီး နယ်မြေစိုးမိုးမှုအသင့်အတင့် ရရှိထားသည့်အပြင် ယခုတပ်ပေါင်းစုအင်အားသည်လည်း
    သောင်းဂဏန်းရှိသည်ဟုလည်း ဆိုသည်။

    နွေဦးတော်လှန်ရေးမဟာမိတ်ပေါင်းစု Spring Revolution Alliance (SRA) တွင်  ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ 96 Soldiers PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLF)၊ Force for Federal Democracy (FFD)၊ G Z မျိုးဆက် တပ်တော်၊ ကလေးဒေသ တော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAYPDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)အပြင် နောက်ထပ်တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။

    အဖွဲ့ (၁၉) ဖွဲ့ဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအပေါ်ကြိုဆိုကြောင်း၊ ပါဝင်ဝန်းရံမည်ဖြစ်ကြောင်းကို နွေဦးတော်လှန်ရေးအဖွဲ့အသီးသီးမှ လူမှုကွန်ရက်မှတစ်ဆင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ထုတ်ပြန်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts