spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

    ဘီးလင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က ဒေသခံလူငယ်အမျိုးသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဘီးလင်းမြို့နယ် ဖိုးဝသိမ်၊ အလူးကြီးနှင့် အလူးလေးကျေးရွာဘက်ကို စစ်ကြောင်းခွဲပြီး ဝင်ရောက်လာခဲ့သည်။

    စစ်ကော်မရှင် စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဖိုးဝသိမ်ကျေးရွာက အမျိုးသား ၃ ဦး၊ အလူးကြီးကျေးရွာက အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်ထွက်သွားသည်ဟုလည်း ဒေသခံတို့ထံက ဆိုသည်။

    စစ်ကော်မရှင်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားများသည် အသက် ၂၀ ကျော်အရွယ် လူငယ်များ ဖြစ်ကြပြီး လက်ရှိတွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာချုပ်ထံတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

    “စစ်ကြောင်းဝင်လာချိန် ဖမ်းခေါ်သွားတဲ့ ဖိုးဝသိမ်ရွာက ၃ ဦး၊ အလူးကြီးရွာက ၂ ဦးက ကျိုက်ထိုကို ဖမ်းခေါ်သွားတယ်လို့ ကြားသိရပေမဲ့ အသေးစိတ်တော့ မသိသေးဘူး။ မိသားစုဝင်တွေကလည်း လိုက်စုံစမ်းနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကော်မရှင် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများ စစ်မှုထမ်းသင်တန်းပို့ဆောင်ခံရမည်ကို မိသားစုဝင်များက စိုးရိမ်နေကြပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်နိုင်ရေး စုံစမ်းလျက်ရှိသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ဖိုးဝသိမ်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်က ဒေသခံများကို မကြာခဏ ဖမ်းဆီးလေ့ရှိပြီး အချို့ကို ပြန်လွှတ်ပေးသည်ရှိသလို အများစုကို စစ်မှုထမ်းရန်အတွက် စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံနေရသည်ဟု ဒေသခံတို့က ဆိုသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks