spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲနောက်ပိုင်း ပြည်ပထွက်ခွာခွင့်လုံးဝပိတ်ခံရမည်ကို စိုးရိမ်ပြီး ရရာနည်းဖြင့်ပြည်ပထွက်ခွာသူ လူငယ်ရှစ်ရာကျော် ငွေလိမ်လည်ခံရ

    ရွေးကောက်ပွဲနောက်ပိုင်း ပြည်ပထွက်ခွာခွင့်လုံးဝပိတ်ခံရမည်ကို စိုးရိမ်ပြီး ရရာနည်းဖြင့်ပြည်ပထွက်ခွာသူ လူငယ်ရှစ်ရာကျော် ငွေလိမ်လည်ခံရ

    -

    ရွေးကောက်ပွဲနောက်ပိုင်း ပြည်ပထွက်ခွာခွင့်လုံးဝပိတ်ပင်ခံရမည်ကို စိုးရိမ်ပြီး ရရာနည်းဖြင့် ပြည်ပထွက်ခွာသူ မွန်ဒေသမှလူငယ်များအပါအဝင် လူငယ်ရှစ်ရာကျော်တို့ အတုအယောင်အေဂျင်စီထံ ငွေကျပ်သိန်းပေါင်း ကိုးထောင်ခန့် လိမ်လည်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ ပြည်ပလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်းများအသင်း (MOEAA) တာဝန်ရှိသူများထံမှ သိရသည်။

    ရန်ကုန်အခြေစိုက် ဆုလာဘ်မြင့်မိုရ်(Su Latt Myint Mo ) အေဂျင်စီနှင့် ၎င်း၏လုပ်ငန်းခွဲအေဂျင်စီတို့သည် ဂျပန်နိုင်ငံသို့သွားရောက်မည့် လူငယ်ရာနှင့်ချီကို ငွေကျပ်သိန်းပေါင်းထောင်နှင့်ချီလိမ်လည်ထားမှုဖြင့် (MOEAA) ရုံးတွင် လာရောက်တိုင်ကြားထားသူ ၁၀၀ ကျော်ရှိကြောင်း(MOEAA)မှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဒီဇင်ဘာလ ၁၁  ရက်နေ့က (Live) လွှင့် ပြောဆိုခဲ့သည်။

    လူငယ်များကို ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ရန် တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ထားပြီး ထိုမှတစ်ဆင့် ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဟုဆိုကာ အေဂျင်စီခတောင်းယူပြီး အဆက်သွယ်ဖြတ်ထွက်ပြေးသွားကြောင့် ပေါင်၊ ရေးနှင့် သံဖြူဇရပ်မှ မွန်လူငယ်များအပါအဝင် အညာဒေသမှ လူငယ်များ ထိုင်းနိုင်ငံတွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေကြောင့် ဂျပန်နိုင်ငံသို့ တိုက်ရိုက်သွားရောက်ရန်အချိန်ကြန့်ကြာမည့်အပြင် ရွေးကောက်ပွဲကာလနောက်ပိုင်း စစ်ကော်မရှင်မှ ပြည်ပထွက်ခွာခွင့် လုံးဝပိတ်ပင်လိုက်မည်ကို စိုးရိမ်ရသဖြင့် အချိန်တိုအတွင်း ပြည်ပထွက်ရန်ဝန်ဆောင်မှုပေးနိုင်သည့် အေဂျင်စီထံ ချိတ်ဆက်ရာမှ လိမ်လည်ခံရခြင်းဖြစ်ကြောင်း လိမ်လည်ခံရသူ မွန်လူငယ်အမျိုးသမီးထံမှ သိရသည်။

     ပုံ-လူမှုကွန်ရက်

    “အင်တာဗျုးအောင်ပြီးတော့ camp နှစ်လဝင်တယ်။ အဲဒီ camp ဝင်တဲ့အချိန်မှာပဲ ဒီမြန်မာနိုင်ငံမှာက ၁၂ လပိုင်းကျရင် ရွေးကောက်ပွဲအရှုပ်အယှက်နဲ့ ပြည်ပထွက်တဲ့သူတွေအားလုံးလမ်းကြောင်းပိတ်သွားမှာကို စိုးရိမ်လို့ COE ကို ထိုင်းမှာပဲသွားစောင့်နေလိုက်လို့  အေဂျင်ကလူတွေပြောလာတယ်။ ထိုင်းမှာစောင့်ရင် ပိုမြန်တယ်တဲ့၊ ကိုယ်ကလည်းအမြန်သွားချင်နေတာလေ။ အဲတော့သူတို့စကားကိုယုံပြီးတော့ ထိုင်းကိုရောက်လာတာ။သူတို့ အေဂျင်ကိုဝင်ထားတဲ့ လူက ထောင်နဲ့ချီရှိနေတာဆိုတော့ အလိမ်ခံရမှန်း မထင်ထားဘူး။ ” ဟုဆိုသည်။

    အေဂျင်စီထံ တစ်ဦးလျှင်ငွေကျပ် သိန်းရာကျော်ပေးဆောင်ထားရပြီး ထိုင်းနိုင်ငံအတွင်း လနှင့်ချီစောင့်ဆိုင်းနေရခြင်းကြောင့် ထိုင်းအလုပ်ရုံများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများရှိသလို ငွေကြေးနှင့် တရားဝင်နေထိုင်ခွင့်ရရှိရန် အခက်အခဲနှင့်ရင်ဆိုင်နေရသူများလည်း ရှိသည်ဟု ဆက်ပြောသည်။

    ၎င်းအပြင် ထိုင်းနိုင်ငံအတွင်းပို့ဆောင်ထားသည့်လူငယ်များကို ဘတ်ရိုက်ရန် အေဂျင်စီ၏တစ်ဆင့်ခံပွဲစားများက အတင်းအကြပ်တိုက်တွန်းနေသော်လည်း သိမ်းယူထားသည့် ပတ်စပို့စာအုပ်၊ မှတ်ပုံတင်များကို အေဂျင်စီတာဝန်ရှိသူများက မထုတ်ပေးခြင်းကြောင့် ဝိုင်းဝန်းကူညီနေသူ (MOEAA) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဘန်ကောက်မှာရောက်နေတဲ့ကလေးတွေကို သူတို့ဘက်က အတင်းအကြပ်ဘတ်တွေရိုက်ခိုင်းပြီးတော့ ထိုင်းမှာပဲအလုပ်လုပ်ဖို့ကို စေခိုင်းနေတယ်။ တစ်ချို့ကလေးတွေက ရှောင်နေရတယ်။ သူတို့ငွေသွင်းထားတဲ့ ငွေသိန်း ၁၂၀ နှင့်ဘတ်ရိုက်ခ ထိုင်းဘတ် ၆၅၀၀ ကိုလည်း ကလေးတွေပြန်မရဘူး။ ကလေးတွေကထုတ်ပြောချင်တယ်။ ဒါမဲ့သူတို့ကိုပြန်ပြီးတော့ရန်ပြုလာမှာဆိုးလို့ မပြောရဲပြန်ဘူး။” ဟု MOEAA တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    လိမ်လည်မှုလုပ်ဆောင်ခဲ့သည့် ဆုလာဘ်မြင့်မိုရ်အေဂျင်စီသည် ၂၀၂၅ ခုနှစ်မေလက စစ်ကော်မရှင်မှ တရားမဝင်အေဂျင်စီဖြစ်သဖြင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည့် အေဂျင်စီများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

    ဆုလာဘ်မြင့်မိုရ်အေဂျင်စီ၏ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးကို တိုင်ကြားချက်မလုပ်ဆောင်မီရက်ပိုင်းကပင်  အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အခြားကျန်ရှိသည့်တာဝန်ရှိသူများကို ဖမ်းဆီးနိုင်ရန်အတွက် ရန်ကုန်ရှိ သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားစာပို့ထားသည်ဟု (MOEAA) မှတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောထားသည်။

    စစ်ကော်မရှင်အစိုးရအဖွဲ့မှ ပြည်ပထွက်လုပ်လုပ်ခွင့်ပိတ်သိမ်းလိုက်သည့် အခြေအနေနှင့်ပြည်တွင်းပဋိပက္ခအခြေအနေအပေါ် အခွင့်ကောင်းယူပြီး လူငယ်များထံမှ ငွေကြေးလိမ်လည် အေဂျင်စီများ နေ့စဉ်နှင့်အမျှများလာခဲ့သည်။

    ထို့ကြောင့် ပြည်ပထွက်ခွာလိုသူလူငယ်များနှင့် ကျောင်းတက်လိုသူလူငယ်များက အေဂျင်စီချိတ်ဆက်ရှာဖွေရာတွင် အထူးသတိပြုသင့်ရန်လိုအပ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးသူများမှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts