spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဘဏ်မှငွေထုတ်ပေးမှု ပုံမှန်မရှိခြင်းကြောင့် ရော်ဘာအဝယ်ဒိုင်များ လုပ်ငန်းလည်ပတ်ရန်ခက်ခဲနေ

    ဘဏ်မှငွေထုတ်ပေးမှု ပုံမှန်မရှိခြင်းကြောင့် ရော်ဘာအဝယ်ဒိုင်များ လုပ်ငန်းလည်ပတ်ရန်ခက်ခဲနေ

    -

    မွန်ပြည်နယ် ပုဂ္ဂလိကဘဏ်များ ယခုရက်ပိုင်းအတွင်း ငွေသားထုတ်ပေးမှု ပုံမှန်မရှိဘဲ လိုအပ်သည့် ပမာဏအတိုင်း မရရှိခြင်းကြောင့် ရော်ဘာအဝယ်ဒိုင်များ လုပ်ငန်းလည်ပတ်ရန် အခက်ကြုံနေရကြောင်း သိရသည်။

    လုံခြုံရေးအခြေအနေအားနည်းနေသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်တွင် ပုဂ္ဂလိကဘဏ်များ ငွေသားသယ်ယူပို့ဆောင်ခြင်းများကို မလုပ်ဆောင်နိုင်သဖြင့် ဘဏ်အတွင်း ငွေသားပြတ်လပ်နေပြီး အကန့်အသန့်ဖြင့်သာ ထုတ်ပေးနေသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

    “အခုက ဘဏ်မှာ ‌ကိုယ်ကြိုက်သလောက် ထုတ်လို့မရဘူး သူတို့ထုတ်ပေးသလောက်ပဲ ရမယ်၊ ဘာလို့ဆို ဘဏ်တွေမှာ တခြားနယ်ဝေးကနေ ငွေသားတွေကို မသယ်ဆောင်တော့ဘူး ရေးမြို့ဘဏ်ကနေ မော်လမြိုင်မြို့ဘဏ်ဆီက ငွေသားတွေမယူတော့ဘူး၊ ဥပမာ ရေးမြို့နယ်ဆို ရေးမြို့နယ်အတွင်းက ပိုက်ဆံပဲသုံးမယ် ဘဏ်မှာ ငွေသားလာသွင်းတဲ့သူရှိမှ လာထုတ်တဲ့သူကရမှာ နည်းရင်နည်းသလို များရင်များသလိုပေါ့ ပုံမှန်တော့မရှိဘူး၊ တချို့ကအများကြီးလိုနေတယ် ဘဏ်မှာ မန်နေဂျာတို့နဲ့ ခင်နေရင်တော့ ဘဏ်ပိတ်ခါနီးမှာ ငွေသားကျန်နေရင်တော့ ပြန်ခေါ် ပြီး ထုတ်ပေးတာရှိတယ်” ဟု မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    မြေပြင်အခြေအနေအရ ဘဏ်များ၌ ပုံမှန်အကောင့်တစ်ခုလျှင် ငွေကျပ်သိန်း ၂၀ နှုန်း၊ Special အကောင့်တစ်ခုလျှင် သိန်း ၅၀ မှ ၁၀၀ ကြားသာ ထုတ်ပေးနေပြီး တစ်ပတ်လျှင်တစ်ကြိမ်သာ ထုတ်ပေးနေကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။

    ထို့ကြောင့် ရာဘာရာသီဖြစ်သည့် ယခုဒီဇင်ဘာလတွင် လာရာက်ရောင်းချသူများကို ငွေကြေးမပေးဆောင်နိုင်သဖြင့် အဝယ်ဒိုင်များရပ်နားထားရသည်ဟု ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

    “ ဘဏ်ကနေလဲပိုက်ဆံအများကြီးထုတ်လို့မရတော့ အရင်းလုပ်ဖို့က မရှိနေဘူးလေ ရှိသလောက်နဲ့ ဝယ်နေရတာ တစ်ချို့ကလဲ ဝယ်ပြီး ပိုက်ဆံမပေးရတာလဲ ရှိနေတယ် အားလဲနာတယ်လေ သူတို့ကပိုက်ဆံလိုလို့ ရောင်းတာလေ ခြံသမားတွေလဲ ခေါ်နေတာ ရော်ဘာတွေရောင်းဖို့က ကိုယ်ဆီမှာလဲ အရင်းမရှိတော့ မသွားယူရသေးဘူး၊ ပေးစရာပိုက်ဆံမရှိလို့ တစ်ချို့ကလဲ အဝယ်ရပ်ထားတာရှိတယ်” ဟု ရော်ဘာအဝယ်ဒိုင် အမျိုးသမီးတစ်ဦးက ပြောသည်။

    တဖက်တွင် ရော်ဘာလုပ်ငန်းရှင်များ ရော်ဘာများကို သယ်ယူပို့ဆောင်ရာတွင် စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်များမှ အထောက်အထားမပြည့်စုံလျှင် ငွေကြေးအဆမတန် တောင်းခံနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ပိုမိုကုန်ကျနေပြီး လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေကြောင်း အထက်ပါ ရော်ဘာအဝယ်ဒိုင်အမျိုးသမီးက ဆက်ပြောသည်။

    ထို့ကြောင့် လုပ်ငန်းရှင်များအတွက် ဘဏ်များအနေဖြင့် တိကျသည့် ထုတ်ပြန်ချက်များလိုအပ်ပြီး ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် လိုအပ်ကြောင်းလည်း ဘဏ်အသုံးပြုသူ လုပ်ငန်းရှင်များက တိုက်တွန်းလျှက်ရှိသည်။

    ပုဂ္ဂလိက ဘဏ်များသို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ငွေထုတ်ယူခြင်းများကို ကန့်သတ်ထားခြင်းမရှိဟုဆိုသော်လည်း ကိုယ်တိုင်သွားရောက်ထုတ်ယူမည့် ဘဏ်ခွဲများသို့ ကြိုတင်အကြောင်းကြားမှုလုပ်ဆောင်ပြီးမှသာ သွားရောက်ရန် ပြန်လည်ပြောဆိုထားသည်။

    ပုဂ္ဂလိကဘဏ်များအနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရေးအတွက် စစ်ကော်မရှင်ဗဟိုဘဏ်မှ အကြိမ်ကြိမ် ညွှန်ကြားပြောဆိုလျှက်ရှိသော်လည်း ငွေကြေးထုတ်ယူမှု ကန့်သတ်ခံရခြင်းများကို လုပ်ငန်းရှင်များ မကြာခဏရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks