spot_img
Tuesday, December 16, 2025
More
    spot_img
    Homeဆောင်းပါးကျားဖြန့်နှိမ်နင်းရေး ထုတ်ပြန်ချက်များကြား အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လည်ပတ်နေဆဲလား။

    ကျားဖြန့်နှိမ်နင်းရေး ထုတ်ပြန်ချက်များကြား အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လည်ပတ်နေဆဲလား။

    -

    ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းများကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက အပြိုင်အဆိုင်အရေးယူမှုများလုပ်ဆောင်လာစဉ် ကျားဖြန့်လုပ်ငန်းကို တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနေသည့် စစ်အုပ်စုနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများမှ ၎င်းတို့ပါဝင်မပတ်သတ်ကြောင်း ပြောဆိုလာသလို နှိမ်နင်းရေးလုပ်ငန်းစဉ်များလည်း လုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။

    ကျားဖြန့်လုပ်ငန်းစတင်လည်ပတ်နိုင်မှုနှင့် နိုင်ငံခြားသားများဝင်ရောက်နေထိုင်နိုင်ခြင်း၏ ကနဦးပံ့ပိုးသူများသည် စစ်အုပ်စုများ ပါဝင်သလို၊ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်  BGF/KNA မှ ကူညီလုပ်ဆောင်ပေးခဲ့ကြသည်ဟုလည်း နယ်စပ်သတင်းအရင်းမြစ်များမှ သိရသည်။

    နိုင်ငံတကာမှ ကျားဖြန့်လုပ်ငန်းများကို အရေးယူမည်ဟု ထုတ်ပြန်ပြောဆိုလာသည့်နောက် ဟန်ပြဖမ်းဆီးဆောင်ရွက်မှုများကို BGF/KNA နှင့် DKBA အဖွဲ့များ ပူးပေါင်းပါဝင်လာပြီး တစ်ဖက်တွင်လည်း လုံခြုံရာနေရာဖြစ်သည့် အိမ်ယာ၊ အဆောက်အဦးများသို့ ခိုလှုံခွင့်ပေးနေသည်မှာ ၎င်းတို့အဖွဲ့အစည်းကိုယ်တိုင် ဖြစ်သည်ဟု လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူများမှ ပြောသည်။

    ဘုရားသုံးဆူမြို့တွင် ဒီဇင်ဘာ ၈ ရက်နေ့မှစပြီး DKBA နှင့် KNU တို့မှပူးပေါင်းပြီး၊ ကျားဖြန့်နှင့် ပတ်သက်ဆက်နွယ်သည့် တရုတ်နိုင်ငံသားများနှင့် အခြားပြည်ပနိုင်ငံသားများကို မြို့အတွင်းအပြင် ဝင်ရောက်ခွင့်မပြုဘဲ စစ်ဆေးရေးတင်းကြပ်ထားကြောင်း မြို့ခံများကပြောသည်။

    ယင်းသည် အယောင်ပြ မူဝါဒ တစ်ခုသာဖြစ်ပြီး၊ လက်ရှိဘုရားသုံးဆူမြို့အပြင်ဘက်ရှိ လက်နက်ကိုင်အဖွဲအစည်းများ ဆောက်လုပ်ထားသည့်အဆောက်အအုံအသစ်တွင် ကျားဖြန့်လုပ်ငန်းခေါင်းဆောင်များနှင့် အလုပ်သမားများ ယခင်ဦးရေထက်ပိုများလာကြောင်း လက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အဖွဲ့နာမည်မထိခိုက်အောင်ပဲထုတ်ပြန်တယ်၊ နေ့ရောညရော DKBA နဲ့ KNU ပူးပေါင်းပြီးတော့ ကား ၇၊ ၈ စီးလောက်နဲ့လှည့်တယ်၊ တရုတ်တွေဝင်လို့ မရအောင်ဆိုပြီး ၊တရုတ်ကိုပို့လာတဲ့သူတွေကိုဖမ်းမယ်ဆိုပြီးတော့ ဆေးရုံကလမ်းလေးခွမှာ၊ လမ်းသုံးဆုံ(အထက) ကျောင်းဂိတ်မှာစောင့်တယ်၊ အဲ့လိုတားမြစ်တာက သူတို့policy အရ အယောင်ပြပဲ၊ ကျားဖြန့်လည်းလုပ်နေတုန်းပဲ၊ ဘုရားသုံးဆူမှာ လူဦးရေတိတိကျကျတော့ မပြောနိုင်ဘူး၊ မြို့အပြင်မှာရှိတုန်းပါပဲ အခုဆိုအကြီးအကျယ်ဆောက်လုပ်နေတယ်”ဟုပြောသည်။

    တရုတ်နိုင်ငံသားများကို လက်ခံထားခြင်း၊ ကူညီပို့ဆောင်ခြင်းများ လုပ်ဆောင်မည်ဆိုပါက ထောင်ဒဏ် ၂ နှစ်အထိ အရေးယူချမှတ်မည်ဟု ထုတ်ပြန်ထားကြောင်းလည်း DKBA နှင့် KNU မှ ပူးပေါင်း သဘောတူထားကြောင်းလည်း သိရသည်။

    ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ရှိ အဆင့်မြင့်ဟိုတယ်များတွင် တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာမှုများလာမှုများလာသည့်အပြင် ဘားအံမြို့အတွင်းသို့ ရောက်ရှိနေသည့်တရုတ်နိုင်ငံသားများလည်း ငွေလိမ်လုပ်ငန်းလည်ပတ်နိုင်ရာနေရာသို့ ဆက်ပြောင်းရွှေ့သွားလာနေကြောင်း မြဝတီယာဉ်မောင်းတစ်ဦးက ပြောသည်။

    ပြည်တွင်းသို့ ကျားဖြန့်လုပ်သမားများကို စစ်ကော်မရှင်မှ သံလွင်တံတား၊ သထုံ-ဘားအံလမ်း၊ သထုံ-ကျိုက်ထို လမ်းပိုင်းတွင်ဖမ်းဆီးမှုလုပ်ဆောင်နေပြီး တစ်ဖက်တွင်လည်း ရဲတပ်ဖွဲ့နှင့် စစ်တပ်အဖွဲ့၏အကူအညီဖြင့် ရန်ကုန်မြို့သို့ရောက်ရှိရန် ဘားအံမှဘုရားကြီးအထိ တစ်ဦးလျှင် ကျပ်သိန်း ၂၀ ပေါက်ဈေးဖြင့် ပို့ဆောင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးနယ်မြေ၌တည်ရှိသည့် KK Park ကျားဖြန့်ဝင်းအတွင်းရှိ အဆောက်အဦး ၂၄၆ လုံးကို နိုဝင်ဘာလ နောက်ဆုံးအပတ်မှစပြီး စစ်အုပ်စုမှဖြိုချဖျက်ဆီးခဲ့သည်။

    မြဝတီ၊ ရွေကုက္ကိုလ်နယ်မြေအတွင်းသို့ ယခုဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဒေသခံမဟုတ်သူများ ဝင်ရောက်နေထိုင်မည်ဆိုပါက BGF/KNA မှ ထုတ်ပေးသည့် နေထိုင်ခွင့်ကတ်ပြား ရှိရမည်ဖြစ်ပြီး မြို့အဝင်အထွက်များကိုလည်း စစ်ဆေးရေးတင်းကြပ်ထားကြောင်း ရွှေကုက္ကကိုလ်ဒေသခံတစ်ဦးက ပြောသည်။

    "ဖောက်ခွဲပြတဲ့နေရာက လွဲပြီးတော့ မြို့တွေကအရင်တိုင်းပဲဖြစ်နေတယ်။ သူစိမ်းတွေဝင်ထွက်လို့မရတာလောက်ပါပဲ။ အခုဆိုပိုလို့တောင် တင်းကြပ်လာတာ၊ BGF/KNA ကနေပြီးတော့ နေထိုင်ခွင့်ကဒ်ပြားထုတ်ပေးတယ်။ ဧည့်သည်ဆို အဲ့ကဒ်ပြားရှိရမယ်။ ကျားဖြန့်ဆိုဒ်တွေကတော့ ပုံမှန်လည်ပတ်နေတာပါပဲ။ အသစ်ဆောက်နေတဲ့ နေရာတွေလည်း ရှိတယ်" ဟု ရွှေကုက္ကကိုလ်ဒေသခံက ပြောသည်။

    ဟန်ပြဖောက်ခွဲရေးလုပ်ဆောင်နေသည့်အပြင် BGF/KNA အဖွဲ့မှ ကိုယ်တိုင်ဦးဆောင်ပြီး  ဒေါနတောင်ခြေရှိ သစ်ကတေ့ကျေးရွာပတ်ဝန်းကျင်တွင် ကျားဖြန့်မြို့သစ်စီမံကိန်းများကို ဦးစီးပြီး နေ့ချင်းညချင်း အရှိန်အဟုန်နှင့် တည်ဆောက်နေကြကြောင်း ပြောင်းရွှေ့ရေးကိစ္စများတွင်လည်း စစ်ကောင်စီတပ်ကိုယ်တိုင်မှ ခွင့်ပြုထားကြောင်းလည်း သတင်းထွက်ပေါ်လျှက်ရှိသည်။

    ကျားဖြန့်နှိမ်နင်းမှုသည် အချိန်ကာလတစ်ခုသာဖြစ်ခြင်းကြောင့် နေရာအနှံ့အပြားသို့ တိမ်းရှောင်ရောက်ရှိနေသည့် ကျားဖြန့်လုပ်သားများ အခြားစီးပွားရေးလုပ်ငန်း စတင်ရန် အစီအစဉ်မရှိကြောင်း၊ အခြေအနေအပေါ် မူတည်၍ ငွေလိမ်လုပ်ငန်းကိုသာ ပြန်လည်စတင်နိုင်မည်ဟု ကျားဖြန့်အရေး စောင့်ကြည့်နေသူများမှ ဆိုသည်။

    (Justice for Myanmar)  JFM ၏ အချက်အလက်အရ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ တောင်ဘက် ဝေါ်လေမြိုင်အထိ သောင်ရင်းမစ်တစ်လျှောက်တွင် ကျားဖြန့်စခန်းပေါင်း ၄၂ ခုအထိ ရှိနေကြောင်း ဖော်ပြထားသည်။

    ၎င်းအပြင် KK park 1,2,3,4 အပြင် Dong Mei Park၊ Apollo Park၊ Yulong Bay စသည့် စခန်းပေါင်းများစွာ ကျန်ရှိနေသေးကြောင်း JFM ၏ ၂၀၂၅ မတ်လထုတ် အစီရင်ခံစာနှင့် Cyber Scam Monitor Webseit စာမျက်နှာ ဖော်ပြချက်အရ သိရသည်။

    စစ်ကော်မရှင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အပေါင်းအပါများမှ အခကြေးငွေယူဆောင်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အကာအကွယ်ပေးနေသည်ဟုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ MRTV သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောဆိုထားသေးသည်။

    သို့သော် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ကျားဖြန့်လုပ်ငန်းများ၏ အဓိက တရားခံများသည် စစ်တပ်နှင့် BGF/KNA များဖြစ်ကြပြီး ဆိုက်ဘာလုံခြုံမှုနှင့်ပတ်သတ်၍ အရေးယူထားကြောင်းလည်း ထုတ်ပြန်ထားသည်။

    ကညန်း ရေးသားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts