တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ မြို့မရဲစခန်းအပါအဝင် အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ သစ်တောရုံး၊ စုပေါင်းရုံး၊ ဘဏ်နှင့် ဝန်ထမ်းအိမ်ရာ စသည့် အဆောက်အအုံများ လက်နက်ကြီးလက်နက်ငယ်ဖြင့်ပစ်ခတ်ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်သည်။
ရေဖြူမြို့မရဲစခန်းကို KNU နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာ ၁၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် စစ်ကော်မရှင် စစ်ကူအဖွဲ့များ မလာရောက်နိုင်ရေး လမ်းတစ်လျှောက်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းကြောင့် ဌာနဆိုင်ရာရုံးအဆောက်အအုံ၊ ရုံးသုံးပရိဘောဂများ၊ အရေးကြီးစာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ရသော်လည်း စစ်ကော်မရှင် လုံခြုံရေးအဖွဲ့များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဟုလည်း ကြေညာသည်။
KNU နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မြို့မရဲစခန်းအား သိမ်းပိုက်ရရှိရန်ကြိုးပမ်နေစဉ် ရေဖြူမြို့အရှေ့တောင်ဘက်ရှိ စစ်ကော်မရှင် လုံခြုံရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ကူပေးနေခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စစ်ကော်မရှင်အဖွဲ့မှ ရေဖြူမြို့ပေါ်နှင့် မြို့ပြင်နေရာတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် စစ်ဆေးရေးတင်းကြပ်နေကြောင်း သိရသည်။
တိုက်ပွဲနှင့်ပတ်သတ်၍ လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ရေဖြူဒေသအတွင်းစစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်သော်လည်း အသေးစိတ်အခြေအနေများကို မသိရှိရကြောင်းဖြေကြားသည်။
စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကျင်းပရာတွင် ပူးပေါင်းပါဝင်သည့် ရေဖြူမြို့နယ်က ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ရကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။


