spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဖြတ်ကူးစဉ် ကျားဖြန့်လုပ်သားလှေများ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူရှိနေ

    ဂျိုင်းမြစ်ဖြတ်ကူးစဉ် ကျားဖြန့်လုပ်သားလှေများ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူရှိနေ

    -

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအပြင်ကျေးရွာမှ တစ်ဖက်ကမ်းရှိကော့ဘိန်းကျေးရွာဘက်သို့ သွားရောက်ရန် ကျားဖြန့်လုပ်သားများတင်ဆောင်လာသည့် စက်လှေ ၃ စင်းသည် ဂျိုင်းမြစ်ဖြတ်ကူးစဉ် စစ်ကော်မရှင်တပ်ဖွဲ့ထံ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ခရားအပြင်ကျေးရွာသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်သားများ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် တစ်ဖက်ကမ်းရှိ ကော့ဘိန်းကျေးရွာသို့ခရီးဆက်ရန် စက်လှေ ၃ စင်းငှားရမ်း၍ မြစ်ဖြတ်ကူးနေစဉ် ရွာနှစ်ရွာကြား ကင်းလှည့်လည်နေသည့် စစ်ကော်မရှင်အဖွဲ့ထံ ရပ်တန့်စစ်ဆေးခံခဲ့ရသည်။

    စက်လှေ ၃ စင်းအနက် စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့သည့် လှေ ၁ စင်းကို စစ်ကော်မရှင်အဖွဲ့မှ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး လှေပေါ်ရှိကျားဖြန့်လုပ်သား ၄ ဦးထက်မနည်း ရေထဲမျောပါသေဆုံးခဲ့ရပြီး ကျန်လှေ ၂ စင်းမှ ကျားဖြန့်လုပ်သားများ ဖမ်းဆီးခံခဲ့ရကြောင်း ခရားအပြင် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

    ပုံ- ဂျိုင်းမြစ် ယခင်ပုံဟောင်း

    “ လှေတစ်စင်းမှာ လူလေးငါးယောက် ပါတယ်။ ကျားဖြန့်အလုပ်နဲ့ပတ်သက်တဲ့ ကွန်ပျုတာပစ္စည်းတွေလည်း ပါတယ်။ ရွာက လူတွေက အကုန်အိပ်မော့ကျနေတဲ့အချိန်ဆိုတော့ ပစ်ခတ်သံကြားမှ သိကြတယ်။ လှေနဲ့ကူးနေတာကိုတွေ့တော့ လှေငယ် ၂ စင်းကိုတော့ သူတို့ဖမ်းမိရခဲ့တယ်။ ကျန်တစ်စင်းက ရပ်လို့ပြောတာကို မရပ်ဘဲနဲ့ ဆက်မောင်းနေလို့ ပစ်ခတ်ခံလိုက်ရတယ်။ လှေရော၊ လူရော ထိသွားတယ်။ လှေကအကုန်ပျက်စီးပြီ ထိခိုက်သေဆုံးသွားတဲ့လူတွေကလည်း ရေအောက်ကျသွားပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

    ပျောက်ဆုံးနေသည့်အလောင်းများကို ဒေသခံများအပြင် စစ်ကော်မရှင်အဖွဲ့တို့က ဂျိုင်းမြစ်တစ်လျှောက် ရှာဖွေမှုများ လုပ်ဆောင်နေကြပြီး ယမန်နေ့ညနေပိုင်းအထိ အလောင်းများ မတွေ့ရှိရသေးကြောင်းလည်း ဆိုသည်။

    မြဝတီ ရွှေကုက္ကကိုလ်နယ်မြေတစ်ဝိုက် စစ်ကော်မရှင်အဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့များ ကျားဖြန့်နှိမ်နင်းမှုလုပ်ဆောင်လာသည့်နောက် ဘားအံမြို့နယ်အတွင်းသို့ ကျားဖြန့်လုပ်သားများစွာ ရောက်ရှိလာပြီး ဘားအံမှတစ်ဆင့် မော်လမြိုင်နှင့် ဘုရားသုံးဆူဒေသဘက်သို့ ရောက်ရှိရန် နည်းအမျိုးမျိုးဖြင့် သွားလာနေကြကြောင်းလည်း သိရသည်။

    လက်ရှိအချိန်အထိ ခရားအပြင်ကျေးရွာ ဥယျာဉ်ခြံများတွင် ကျားဖြန့်လုပ်သားများ ကျန်ရှိနေခြင်းကြောင့် စစ်ကော်မရှင်အဖွဲ့မှ ရှာဖွေစစ်ဆေးမှုများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု အထက်ပါရွာခံအမျိုးသားက ဆက်ပြောသည်။

    “ အခုအခြေအနေကတော့ ခရားအပြင်နဲ့ ကော့ဘိန်းကြားမှာ ကျားဖြန့်ပြဿနာတွေနဲ့ တော်တော်ရှုပ်နေကြတာ။ ကျားဖြန့်တွေကို တစ်ရက်ကို လှေ ၅ စင်း၊ ၆ စင်းနဲ့ ခိုးဖြတ်နေကြတာကို ရွာသားတွေက အမြဲတွေ့နေတာပဲ။ ကော့ဘိန်းဘက်ရောက်ရင် ဘုရားသုံးဆူကို လွယ်လွယ်နဲ့ ရောက်နိုင်ပြီလေ။ ပြီးတော့ တစ်ချို့ကလည်း မော်လမြိုင်ဘက်ကို သွားဖို့လည်းရှိနေတယ်။ သူတို့က ဘယ်လမ်း၊ ညာလမ်းဆိုတာမသိဘူး။ မျက်စိလည်နေကြတယ်။ လူငှားပြီး သွားလာနေကြရတာ” ဟု ဒေသခံအမျိုးသားက ပြောသည်။

    ဖမ်းဆီးရမိထားသည့် စက်လှေငယ် ၂ စင်းမှ တရုတ်နိုင်ငံသား ၈ ဦးအပါအဝင် ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ်ပစ္စည်းများကို ဘားအံမြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ-၈၁ သို့ ပို့ဆောင်ပြီး ထိန်းသိမ်းထားကြောင်း သိရသည်။

    ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းဖြင့် နာမည်ကြီးနေသည့် မြဝတီမြို့နယ်ရှိ နေရာအများအပြားကို စစ်ကော်မရှင်အဖွဲ့အပြင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က နိုဝင်ဘာလ ၁၈ ရက်နေ့က ရှင်းလင်းရေးဆောင်ရွက်သည့်နောက် ဒေသတွင်းရှိ တရုတ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်သားများက အခြားဒေသသို့ ပြောင်းရွှေ့အခြေချရန် စတင်ထွက်ခွာ တိမ်းရှောင်လာနေကြခြင်း ဖြစ်သည်။

    မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးရမိထားသော ကျားဖြန့်လုပ်သား ၆၀၀ ကျော်ရှိပြီး နှစ်ပတ်ကြာ ထိန်းသိမ်းထားသည့်နောက် ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks