မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် အသံတိတ်သပိတ်နှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သည့် ဒေါက်တာ တေဇာဆန်းအပါအဝင် ဆယ်ဦးကို စစ်ကော်မရှင်က ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီထုတ် သတင်းစာမှ အချက်အလက်အရ သိရသည်။
ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ (ခ) ချီချီနှင့် မရွှန်း (ခ) ရွှန်းရွှန်းတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၂၃ (ခ) သည် အာဏာသိမ်းပြီးမှ စစ်ကော်မရှင် ဖန်တီးထားသည့် ဥပဒေဖြစ်ပြီး ရွေးကောက်ပွဲ ပျက်ပြားစေရန် လူစုလူဝေးနှင့် ဖောက်ဖျက်ကျူးလွန်သည့် ပုဒ်မဖြစ်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဥပဒေပညာရှင်တစ်ဦးက “ဒီဥပဒေက သူတို့ ရွေးကောက်ပွဲအတွက် သီးသန့် ဖိနှိပ်ဖို့ သီးသန့်ထပ်ထုတ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီရွေးကောက်ပွဲဥပဒေဆိုတာက ၂၀၀၈ ခြေဥထဲမှာ ပြစ်ဒဏ်တွေရော အကုန်ပါဝင်ပြီးသား။ ဒါကို ထပ်ပြီးတော့မှ ဖိနှိပ်ဖို့ သီးသန့် ဒီလိုဖြစ်စဉ်တွေအတွက် ထုတ်ထားတာ။ နောက်ပြီးကျတော့ ဒီလူတွေက လူသိများတဲ့ ကျော်ကြားတဲ့လူတွေဖြစ်နေလို့သာ သိရတာ။ မြေပြင်မှာရော သူတို့ရဲ့အချက်အလက်တွေမှာ ဆိုရုယ်လူမှုကွန်ရက်မှာ ရွေးကောက်ပွဲအကြောင်း မကောင်းတာ ရေးရုံနဲ့ ဖမ်းဆီးခံနေရသူတွေ တပုံကြီးဖြစ်နေပြီ”ဟု ထောက်ပြသည်။
ဒေါက်တာ တေဇာဆန်းနှင့် အဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့တွင် လုံခြုံရေးအထပ်ထပ်ချထားသည့် မန္တလေးမြို့ပေါ်သို့ တက်ကာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ကြဲခဲ့သလို ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်ရေးနေ့က အသံတိတ်သပိတ်တွင် ပြည်သူများ ပါဝင်ရန် နှိုးဆော်ခဲ့ပြီး မြို့ပေါ်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြသည်။
ထို့ကြောင့် အဆိုပါညတွင် ဆန္ဒပြခဲ့သည့် အနီးမှ ဈေးတန်းကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဖြိုဖျက်ပစ်ခဲ့ပြီး လုံခြုံရေးများ လှည့်လည်ခဲ့သည်။
ဒါ့အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးမြိုတွင်း၊ မြို့ပြင်နေရာအနှံ့တွင် အင်အားအများအပြားနှင့် စစ်ဆေးရှာဖွေခြင်း၊ လမ်းသွားလမ်လာပြည်သူအချို့ကို လူဂ္ဂိုလ်စိစစ်ဆောင့်ကြည့်ရေးစနစ် (Person Scrutinizatipn and Monitoring System-PSMS) နှင့် တိုက်ဆိုင် စစ်ဆေးခြင်းများ ပြုလုပ်လာကြောင်းလည်း မြို့ခံများက ဆိုသည်။
ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှုဥပဒေဖြင့် ဒီဇင်ဘာလအတွင်း နိုင်ငံတစ်ဝှမ်းတွင် လူ ၁၆ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ပုဒ်မ ၂၃(က)၊ ၂၃ (ခ)၊ ၂၄ (က)၊ ၂၄ (ခ)တို့ဖြင့် အရေးယူခံထားရသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သဖြင့် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အဖျက်အမှောင့် အနှောက်အယှက်များ များလာသည်ဟုဆိုပြီး အဆိုပါအနှောက်ယှက်များ ဖြစ်စေရန် ပြည်ပမှ တွန်းအားပေးနေခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အရေးယူမည်ဟုလည်း နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်ခြိမ်းခြောက်ရေးသားလျှက်ရှိသည်။
တစ်ဖက်တော်လှန်ရေးအင်အားစုများမှလည်း အာက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး အရှိန်မြှင့်လုပ်ဆောင်လျှက်ရှိသည်။


