မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံ၊လက်တက်ရွာအနီး ကားလမ်းကြီးအရှေ့ဘက်ရှိ ရာဘာခြံ၌ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် အပေါင်းဖော်တစ်ဦးတို့ ပစ်ခတ်ခံခဲ့ရသည့်ကိစ္စတွင် လက်ဦးမှုယူရမည့်အခြေအနေကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့က ထုတ်ပြန်သည့် ရာမညမွန်တပ်တော် RMA ဗဟိုဌာနချုပ်မှ ရှင်းလင်းချက်ထုတ်ပြန်စာအရ သိရသည်။
ထုတ်ပြန်စာတွင် ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်က RMA တပ်ဖွဲ့ဝင်များ ရန်သူကိုချောင်းမြောင်းပစ်ခတ်ရန် မုဒုံ-ကမာဝက်လမ်းပိုင်းဘက်သို့ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာသွားပြီး ပစ်ခတ်ရန် အခြေအနေမပေးခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာစဉ် နောက်မှကျန်ခဲ့သည့်ဆိုင်ကယ်တစ်စီးကို လူနှစ်ဦးမှ သေနတ်ဖြင့်ချိန်ထားသည်ကို တွေ့ရခြင်းကြောင့် ၎င်းတို့ဘက်မှ သေနတ်ဖြင့် ၈ ချက်တိတိ ပစ်ခတ်ခဲ့ပြီး အဆိုပါလူနှစ်ဦးသည် နေရာတွင် သေဆုံးခဲ့ရသည်။
သေဆုံးသူနှစ်ဦးထံ သေနတ် ၁ လက်၊ ဆိုင်ကယ်တစ်စီး(ငါးမြွေထိုး) သိမ်းဆည်းရမိထားပြီး ဆိုင်ကယ်ဘောက်အတွင်းမှ ခေါက်ထားသည့် စစ်အင်္ကျီတစ်ထည် မုဒုံမြို့မရဲစခန်းဟု ရေးသားထားသည့် မှတ်စုစာအုပ်တစ်အုပ်နှင့် ပိုက်ဆံအိတ်တို့ကို ထပ်မံသိမ်းဆည်းရမိထားသည်ဟု ဖော်ပြသည်။

ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီးနောက် RMA တပ်သားမှ အထက်အရာရှိများထံ ချက်ခြင်းသတင်းပေးပို့ခြင်းလုပ်ဆောင်ခဲ့ကြောင်းနှင့် ညနေပိုင်းအချိန်မှ ပစ်ခတ်ခံရသူနှစ်ဦးသည် နိုင်လှုံရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်နေသည်ကို သိရကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် အဆိုပါပစ်ခတ်မှုသည် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းမဟုတ်ဘဲ နှစ်ဖက်လုံးမှ လက်နက်ကိုင်ဆောင်ထားစဉ် လက်ဦးမှုယူရမည့်အခြေအနေကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။
ပစ်ခတ်ခံရသူနှစ်ဦးသည် နိုင်လှုံကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှုးအသစ်ဖြစ်သည့် အသက်(၄၀) ကျော်အရွယ် ဦးဇင်မျိုးဦး (ခေါ်) နိုင်အထွဋ်နှင့် အသက် ၃၀ ကျော်အရွယ် မင်းဗညားမွန် (ခေါ်) နိုင်ရော့ တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို နိုင်လှုံရွာတွင် ဒီဇင်ဘာ ၈ ရက်နေ့က မီးရှို့သဂြိုလ်ခဲ့သည်။
သေဆုံးသူနှစ်ဦး၏ ရင်ခွဲရုံမှ မှတ်ချက်အရ ကျောဘက်မှတစ်ဆင့် ကျည်ဖောက်ဝင်ဒဏ်ရာများကြောင့် နိုင်အထွဋ်၏အသည်း ကြေမွပျက်စီးခဲ့ရကြောင်း၊ နိုင်ရော့ထံတွင် မေးရိုးတစ်ဝိုက် ရိုက်နှက်ဒဏ်ရာများနှင့် ဦးခေါင်းကျဉ်ဖောက်ဝင် ဒဏ်ရာများ ရရှိထားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဆရာဝန်တွေပြောတာက ခန္ဓာကိုယ်မှာ ရိုက်နှက်ထားတဲ့ ညိုမဲဒဏ်ရာတွေရှိတယ်။ ကျည်ဖောက်ဝင်ဒဏ်ရာတွေလည်း ရှိတယ်ပေါ့။ ဆိုတော့ တွေ့တာနဲ့ပစ်ကြတယ်ဆိုတာ တကယ်ပဲဟုတ် သလားဆိုတာ သံသယဖြစ်စရာပေါ့နော်။ ကျနော်ကတော့ ကိုယ့်လူမျိုးအချင်းချင်း ခွင့်လွှတ်လို့ရတဲ့နေရာမှာ ဒီအတိုင်းလေးကျော်သွားပေးစေလိုတယ်လို့ပဲ ပြောချင်တယ် "ဟု ဆိုသည်။
ထိုသို့ဒဏ်ရာများဖြင့် သေဆုံးထားရခြင်းကြောင့် ရာမညမွန်တပ်တော် RMA ၏ ထုတ်ပြန်ချက်သည် ယုတ္တိမရှိဟုလည်း ထုတ်ပြန်ချက်အောက်တွင် မှတ်ချက်ပြုပြောဆိုထားခြင်းများလည်း တွေ့ရှိရသည်။
ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များ ထပ်မံမေးမြန်းရန် IMNA မှ ရာမညမွန်တပ်တော် RMA ထံ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဒီဇင်ဘာ ၇ ရက်နေ့က ပစ်ခတ်ဒဏ်ရာများဖြင့် သေဆုံးနေသူနှစ်ဦး၏ အလောင်းဘေးတွင် ဆိုင်ကယ်တစ်စီး မီးရှို့ထားပြီး ဆိုင်ကယ်သည် သေဆုံးသူနှစ်ဦး၏ ဆိုင်ကယ်ဟုတ်မဟုတ် ဒေသခံများ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က နိုင်လှုံကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ငွေကြေးပြဿနာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုးရုံးအတွင်း ပရဟိတလုပ်ငန်းလုပ်ဆောင်နေသည့် နိုင်အထွဋ်နှင့် နိုင်ရော့တို့ ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ဆောင်ခဲ့ဖူးကြောင်းလည်း နိုင်လှုံဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
"အဲ့တုန်းက အခြေအနေအကြောင်းကြောင့်ပေါ့နော် ရပ်ရွာရဲ့လုံခြုံရေးကို တာဝန်ယူပေးမဲ့သူမရှိတော့ အုပ်ချုပ်ရေးမှုးရုံးမှာပရဟိတလုပ်နေတဲ့ ကိုအထွဋ်နဲ့ ကိုအရော့တို့က ဝင်လုပ်ပေးနေတာ။ အဲကနေဝင်လုပ်နေရင်းနဲ့ပဲ အုပ်ချုပ်ရေးမှုးနုတ်ထွက်တော့ အုပ်ချုပ်ရေးမှုးနေရာ ရောက်သွားတာမျိုးပါ"ဟု ပြောသည်။
ထို့ကြောင့် နိုင်အထွဋ်သည် အုပ်ချုပ်ရေးမှုးနေရာ ခန့်အပ်ခံရပြီး တစ်လဝန်းကျင်အကြာတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။



