ရွေးကောက်ပွဲအကြိုကာလအတွင်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC မှ ကြေညာထားသော ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေထုတ်ပြန်ချက်သည် ရွေးကောက်ပွဲဝင် ပြိုင်ဘက်ပါတီများ၏ မတရားမှုကို သက်သေပြနေခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားနေသူများမှ သုံံးသပ်ပြောဆိုသည်။
စစ်ကော်မရှင်မှ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် မွန်ပြည်နယ် (၁၀) မြို့နယ်အနက် (၇) မြို့နယ်မှ ကျေးရွာအုပ်စု ၁၄၀ တို့တွင် မကျင်းပနိုင်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က ထပ်မံထုတ်ပြန်ထားသည်။
အဆိုပါနယ်မြေဒေသတို့တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပခြင်းမဟုတ်ဘဲ မွန်ပါတီများအားကောင်းသည့် ဒေသများဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပခြင်းဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီဥက္ကဌ မိသုတဂျော်က ပြောသည်။

“ပြည်ခိုင်ဖြိုး မဲမနိုင်နိုင်တဲ့ နေရာတွေမှာ သူတို့ဆက်မကျင်းပတာပဲ မြင်ပါတယ်။ ဥပမာ တရနာ ကျေးရွာ အုပ်စုလိုမျိုးဆို စကမ တပ်အခြေစိုက်ထားပီး အနိုင်ကျင့်ကြပ်မတ်နေတာ ဘာလို့ လုံခြုံရေးမပေးနိုင်ရမှာလဲပေါ့။ မွန်ပါတီတွေ အားကောင်းရာ နေရာမို့ပယ်ထုတ်ထားတာမို့ မြင်ပါတယ်။ မွန်ပြည်နယ်မှာ တရားမဝင်ရွေးကောက်ပွဲဆိုပေမယ့်လည်း နေရာရဖို့ခုံရဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီဝင်တွေကို ပထုတ်ချင်တာလည်း ပါတယ်လို့ မြင်ပါတယ် ” ဟု သူမက ဆိုသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့် ကျေးရွာအုပ်စုများသည် ကျိုက်ထိုတွင် ၂၇ စု ၊ ဘီးလင်းတွင် ၂၈ စု၊ သထုံတွင် ၁၇ စု၊ ပေါင်တွင် ၄ စု ၊ ကျိုက်မရောတွင် ၃၁ စု၊ သံဖြူဇရပ်တွင် ၁၀ စု ၊ ရေးတွင် ကျေးရွာအုပ်စု ၂၃ စုဖြင့် စုစုပေါင်းကျေးရွာအုပ်စု ၁၄၀ တို့ပါဝင်ကြောင်း ကြေညာထားသည်။
၎င်းအပြင် တော်လှန်ရေးတပ်ဖွဲ့များထံ ပြန်လည်သိမ်းယူထားသည့် နယ်မြေများကို ရွေးကောက်ပွဲကာလနောက်ပိုင်းတွင်လည်း ပြန်လည်လက်မလွှတ်လိုခြင်းကြောင့် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်သူ မွန်လူငယ်တစ်ဦးက ပြောသည်။
“သူတို့မကျင်းပနိုင်တဲ့နယ်မြေတွေက ဥပမာ-ကျိုက်မရောဆို အခု ၂၀၂၄၊ ၂၀၂၅ ခုနှစ် မှာ သူတို့ ၇၀ ရာခိုင်နှုန်းလောက် သူတို့ပြန်လည် စိုးမိုးနိုင်ပြီးလို့ ပြောလို့ရတယ်။ အကယ်လို့ သူတို့ဆက်လုပ်ရင်လည်း လုပ်လို့ရတယ်၊ ဒါမဲ့ ပြည်သူ တွေအပေါ် Attention ယူပြီးမှ ပြန်လုပ်မယ်လို့ထင်တယ်။ မွန် ဒေသမှာ မွန်တွေရဲ့ အင်အားအရမ်းများတယ်လေ၊ သူတို့မနိုင်မှန်းသိတော့ အဲ့ကြောင့် ဒီလိုမျိုး ထုတ်ပြန်လိုက်တာ၊ ရွေးကောက်ပွဲလုပ်ပြီးလို့ ရှုံးသွားရင် အဲ့ဒေသကနေ ထွက်ခွာရမယ်လေ၊ အဲ့ကြောင့် လက်မလွှတ်ချင်တာဖြစ်တယ်လို့ မြင်တယ်” အထက်ပါလူငယ်က ဆိုသည်။
ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲအတွက်ပါဝင်အားပေးနေသူများ၊ ကိုယ်စားလှယ်လောင်းများ မိမိတို့၏ ပြိုင်ဘက်ပါတီများ ယုတ်မာကောက်ကျစ်မှုများကို နားလည်သဘောပေါက်သင့်ကြောင်းလည်း မိသုတဇော်က တိုက်တွန်းသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာတို့ ကိုယ်စားလှယ်လောင်းတွေ ပြသနာရှာခံရတာတို့ရှိလာရင် တော်လှန်ရေးအုပ်စုတွေပဲလို့ တွေးမနေပဲ၊ အနီးကပ်ဆုံးရန်သူ ရွေးကောက်ပွဲပြိုင်ဘက်တွေ အကြမ်းဖက် ယုတ်မာချက်တွေကိုလည်း သတိထားဖို့ကိုလည်း ရွေးကောက်ပွဲမကျင်းပတဲ့ နေရာကြေငြာချက်ကို ကြည့်ခြင်းအာဖြင့် သက်သေမြင်ကြပါလို့ ပြောကြားချင်ပါတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်တို့က ကျေးရွာအုပ်စု ၁၄၀ တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း မြို့ပေါ်ရပ်ကွက်၊ မြို့ပေါ် အနီးတစ်ဝိုက်ရှိ ကျေးရွာနှင့် ကျန်ရှိနေသည့် မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြိုနယ်နှင့် တို့တွင် အပြည့်အဝကျင်းပသွားရန်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ၅ မြို့နယ် ၊ အပိုင်း ၂ ကို ၅ မြို့နယ် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မကျင်းပနိုင်သည့်ကျေးရွာအုပ်စုတို့သည် တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုတို့ပါဝင်နေသည်ကို တွေ့ရသည်။
တဖက်တွင်လည်း စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်အပြင် အတုအယောင်သာဖြစ်ပြီး လက်မခံကြောင်း တော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကန့်ကွက်ထားကြသည်။


