spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလအတွင်း လောင်းကစားဝိုင်းများ ရပ်နားထားရန် စစ်ကော်မရှင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ အသိပေး

    ရွေးကောက်ပွဲကာလအတွင်း လောင်းကစားဝိုင်းများ ရပ်နားထားရန် စစ်ကော်မရှင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ အသိပေး

    -

    ရွေးကောက်ပွဲကျင်းပမည့်ကာလနှင့် အကြိုကာလများအတွင်း မွန်ပြည်နယ် မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများ ခေတ္တရပ်နားထားရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ  နိုဝင်ဘာလကုန်ပိုင်းက အသိပေးထားကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့နှင့်နီးစပ်သူများမှ သိရသည်။

    ရွေးကောက်ပွဲကျင်းပနေစဉ်နှင့် အကြိုကာလများတွင် လူစုလူဝေးနှင့် ဆူညံသံများ တစ်စုံတစ်ရာ မဖြစ်စေရေး လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည့် ရပ်ကွက်နှင့်ကျေးရွာများ လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် အသိပေးထားကြောင်း သိရသည်။

    ဓာတ်ပုံ- ပေါင်မြို့နယ်မှ လောင်းကစားဝိုင်းများ 

    ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ မွန်က မြို့နယ်အများစုများ ရွေးကောက်ပွဲရှိနေတော့ ဒီဇင်ဘာ၂၂ ကိုနောက်ဆုံးထားပြီး ရပ်နားရမယ်လို့ပြောတယ်။ အချို့ရပ်ကျေးမှုးတွေက ဆက်ပြီးခွင့်ပြုထားတာရှိမယ်။ ခွင့်မပြုတဲ့လူလည်းရှိမယ်။ ခွင့်ပြုတဲ့သူက တစ်လအနည်းဆုံး သိန်းဆယ်ချီပဲလေ။ ဆိုတော့ တစ်ညတောင်မှ သူတို့မရပ်ချင်ကြဘူး” ဟု ပြောသည်။

    လောင်ကစားဝိုင်းအတွင်းရှိ ကစားနည်းအမျိုးအစားပေါ်မူတည်ပြီး လုပ်ငန်းရှင်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ တစ်လလျှင်သိန်းရာချီ ရရှိနေခြင်းကြောင့် ရပ်နားမည်မဟုတ်ဘဲ ရွေးကောက်ပွဲကာလတွင်လည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၏ နားလည်မှုဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

    ထိုကြောင့် ပေါင်မြို့နယ်ရှိ နတ်ကြီးချောင်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာအတွင်း လောင်းကစားဝိုင်းများကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားလျက်ရှိပြီး မည့်သည့်အရေးယူဆောင်ရွက်မှုမျိုးမှ လုပ်ဆောင်ခြင်းမရှိဟု ထိုသူက ဆက်ဆိုသည်။

    အလားတူ ရေးမြို့ပေါ်ရပ်ကွက်ရှိ လောင်းကစားဝိုင်းနေရာများအထိ စစ်ကော်မရှင်ရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန် သွားရောက်အသိပေးခြင်းများ လုပ်ဆောင်နေသော်လည်း  မည်သို့အရေးယူဆောင်ရွက်ခြင်းများ အတိအကျပြောဆိုခြင်းမပြုခြင်းကြောင့် ဟန်ပြသက်သက်သာ ဖြစ်နေသည်ဟု ရေးမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “သူတို့က ပေးဖွင့်လည်း မပြောဘူး။ မပေးဖွင့်လည်း မပြောဘူး။ မပြတ်မသားဖြစ်နေတာ။ ဒီလောင်းကစားနေရာကို လာပြီးတော့ ရွေးကောက်ပွဲကာလအတွင်းမှာ မလုပ်နဲ့အုံးတဲ့ အဲလောက်ပဲ သူတို့ပြောတာ။ ဖွင့်ရင် ဘာလုပ်မယ်၊ အရေးယူမယ်လည်း ဘာမပြောဘူး။ သူတို့ပြောတဲ့ပုံက ဒီတိုင်းပဲ တကယ်ရပ်စေချင်တာမဟုတ်ဘူး။ ဖွင့်ထားတဲ့ ဝိုင်းတွေလည်း ရှိနေတုန်းပဲ ” ဟု ထိုသူက ဆက်ဆိုသည်။

    အာဏာသိမ်းစစ်ကော်မရှင်အဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဘုရားပွဲ ဆွမ်းကြီးလောင်းပွဲအပြင် အခြားခေါင်းစဉ်အမျိုးမျိုးပြပြီး ဇာတ်ပွဲများ ရက်ရှည်သွင်းကာ လောင်းကစားဝိုင်များကို နေရာဒေသမရွေး ခွင့်ပြုထားသည်။

    ယခုကဲ့သို့ လောင်းကစားဝိုင်များကို စစ်ကော်မရှင်အဖွဲ့မှ နေရာအနှံ့ခွင့်ပြုထားသည့်အတွက် ဒေသတွင် ဆိုင်ကယ်ပျောက်ဆုံးခြင်း၊ နေအိမ်ဖောက်ထွင်းခံရခြင်း၊ လုယက်ခိုးယူမှုများအပြင် ဒုစရိုက်အမျိုးမျိုးကို ယခုနှစ်အတွင်း ဆိုးဆိုးရွားရွား ခံနေရကြောင်းလည်း မွန်ဒေသခံများက ပြောသည်။

    ကျေးရွာအုပ်စုပေါင်း ၄၆၈ အုပ်စုရှိသည့် မွန်ပြည်နယ်အတွင် စစ်ကော်မရှင်မှ ကျေးရွာအုပ်စုပေါင်း ၃၂၈ ခုတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် မြို့အဝင်ထွက်နေရာများ စစ်ဆေးရေးတင်းကြပ်ထားခြင်း၊ တော်လှန်ရေးနယ်မြေအတွင်းသို့ စစ်ကြောင်းထိုးခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks