Thursday, March 12, 2026
More
    spot_img
    Homeသတင်းဒီဇင်ဘာ ၁၀ ရက်နေ့ "အသံတိတ်သပိတ်"လှုပ်ရှားမှုတွင် မွန်ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီနှိုးဆော်

    ဒီဇင်ဘာ ၁၀ ရက်နေ့ "အသံတိတ်သပိတ်"လှုပ်ရှားမှုတွင် မွန်ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီနှိုးဆော်

    -

    မွန်ဒေသခံပြည်သူများ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းနှိုးဆော်ထားသည်။

    မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို  "ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး"Our Voice, Our Fight, Our Rights ဆိုသည့် ဆောင်ပုဒ်ဖြင့် အသံတိတ်သပိတ်လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    ယင်းအသံတိတ်သပိတ်လှုပ်ရှားမှုမှတစ်ဆင့် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် နံနက် ၈ မှ ညနေ ၃ နာရီအထိ ပြည်သူများ အပြင်ထွက်သွားလာခြင်းမပြုဘဲ နေအိမ်တွင် နေထိုင်ပြီး လှုပ်ရှားတွင်ပူးပေါင်းပါဝင်ပေးကြရန် MSFC မှတာဝန်ရှိသူ နိုင်မွန်စိုင်းက နှိုးဆော်တိုက်တွန်းသည်။

    “ပြည်သူတွေအနေနဲ့က ဒီအသံတိတ်သပိတ်လှုပ်ရှားမှုမှာပါဝင်သင့်ပါတယ်။ မကြာမီမှာ စစ်ကော်မရှင်အဖွဲ့က သူတာဝန်သက်တမ်းအဓွန့်ရှည်နိုင်ဖို့ ရွေးကောက်ပွဲကိုကျင်းပလာမယ်။ သူတို့ပြန်အုပ်ချုပ်နိုင်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်ရေးဆိုတာက တစ်စက်မှမကျန်တော့ဘူး။ ဒါကြောင့် ဒီလှုပ်ရှားမှုသပိတ်မှာပါဝင်ခြင်းအားဖြင့် ကိုယ်က စစ်အာဏာရှင်ကိုမနှစ်မျို့ကြောင်း ပြသနေတယ်ဆိုတဲ့သဘောပါပဲ။” ဟု ဆိုသည်။

    အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ခြင်းအားဖြင့် စစ်ကော်မရှင်အဖွဲ့က ပြည်သူအပေါ် မတရားညှည်းပန်းနှိပ်စက်နေသည့် အဖြစ်ပျက်များကို နိုင်ငံတကာအသိုင်းအဝိုင်းများထံ ချပြနိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။  

    ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မြို့မဈေးနှင့် လမ်းသွားလမ်းလာများသည့် နေရာများတွင် မကြာခဏလုပ်ဆောင်နေသည့် ဘုရားသုံးဆူမြို့တွင်လည်း ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်ရန်ရှိကြောင်းလည်း သိရသည်။

    ဘုရားသုံးဆူဒေသခံတစ်ဦး၏ပြောဆိုချက်အရ “ ဒီမြို့မဈေးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဆန္ဒပြမှုတွေ ကျင်းပနေတာတော့ရှိတယ်။  A 4 စာရွက်ပေါ်မှာ ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်းစာသားတွေ ရေးပြီး ဈေးဆိုင်ရဲ့တိုင်နံရံမှာ ကပ်တာတို့ပေါ့။  မနက်ဖြန်မှာလည်း အသံတိတ်သပိတ်တွေ လှုပ်ရှားဖို့ရှိမယ်လို့ ကျနော်ထင်ပါတယ်။ “ ဟုဆိုသည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ အသံတိတ်သပိတ်လှုပ်ရှားမှုကို မွန်ပြည်နယ်မော်လမြိုင်မြို့အပါအဝင် အခြားမြို့လယ်ခေါင်နေရာများတွင်လည်း သပိတ်တိုက်ပွဲဝင်ရဲဘော်များက ပူးပေါင်းပါဝင်ကြရန် ယနေ့တွင် တိုက်တွန်းနှိုးဆော်မှုများ လုပ်ဆောင်နေကြသည်။

    နိုင်ငံသားများ၏ တိတ်ဆိတ်ခြင်းနှင့် ကြွေးကြော်သံများအား ကမ္ဘာတဝှမ်း ကြားသိရန်၊ စစ်အုပ်စု၏ ရွေးကောက်ပွဲ အထမြောက်ခဲ့သည်တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့ခြင်းသာ ဖြစ်ကြောင်းကို သိရှိနိုင်စေရန်အတွက် သပိတ်တွင် ပူးပေါင်းပါဝင် ဆင်နွှဲပေးကြရန် တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးအဖွဲ့ Anti Sham Election အဖွဲ့က တိုက်တွန်းထားသည်။

    စစ်အာဏာသိမ်းခုနှစ် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် အသံတိတ်သပိတ်လှုပ်ရှားမှုကို ပြည်သူများ အများဆုံးပူးပေါင်းပါဝင်ခဲ့ပြီး စစ်အုပ်စုအဖွဲ့များ၏ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖျက်ဆီးမှုများကိုလည်း ခံခဲ့ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks