Wednesday, March 11, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် ၂ ရက်တာတိမ်းရှောင်ရသည့် ကလိုင်ပဒေါဒေသခံများ နေရပ်ပြန်ရောက်

    တိုက်ပွဲကြောင့် ၂ ရက်တာတိမ်းရှောင်ရသည့် ကလိုင်ပဒေါဒေသခံများ နေရပ်ပြန်ရောက်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင် စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို ဒီဇင်ဘာ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ ၂ ရက်တာ တိမ်းရှောင်ခဲ့ရပြီး ယနေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း ကလိုင်ပဒေါဒေသခံများမှ သိရသည်။

    စစ်ကော်မရှင်တပ်ဖွဲ့တို့ ကလိုင်ဗဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားသို့ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်၌ ရောက်ရှိလာစဉ် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တို့၏  ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်  မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကြောင့် ၂ ရက်တာတိမ်းရှောင်ခဲ့ရကြောင်းနှင့် စစ်ကော်မရှင်အဖွဲ့များ ပြန်လည်ထွက်ခွာပြီး အခြေအနေပြန်လည်ငြိမ်သက်လာခြင်းကြောင့် ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့မှစ၍ ဒေသခံများ နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရော်ဘာအစေးခြစ်လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ကြပြီးဖြစ်ကြောင်း ကလိုင်ပဒေါရွာအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    "အကုန်ရွာပြန်ရောက်ကုန်ပြီး၊ မနေကတည်း စရောက်လာပြီးတော့ အစေးခြစ်တဲ့လူက ခြစ်နေပြီး။ အခုထိတော့အဆင်ပြေနေသေးတယ်။ ဆူပူအုံကြွတာလည်း မဖြစ်တော့ပါဘူး။ အဲနေ့ကလည်း နှစ်ဖက်လုံးက အရမ်းတင်းတာမျိုးတော့မဟုတ်ပါဘူး"ဟု သူမကဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် စစ်ကော်မရှင် ဝဲကလိအမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ကလိုင်ပဒေါရွာအနီးတစ်ဝိုက်ရှိ ရော်ဘာခြံများအတွင်း ကျရောက်ပေါက်ကွဲကာ ရော်ဘာပင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းလည်း ပြောသည်။

    ယခုရက်ပိုင်းအတွင်း သံဖြူဇရပ်နှင့် ရေးနယ်နိမိတ်နေရာများတွင် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်များ အင်အားအပြည့်ဖြင့် စစ်ဆေးရေးလုပ်ဆောင်နေသည့်အပြင် တောလမ်းနှင့် ရော်ဘာခြံများတွင် စစ်ကြောင်းထိုးဝင်ရောက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေရသည်။

    "ကျမတို့က အခြေအနေစောင့်ကြည့်နေရတာပေါ့လေ။ စိတ်လွတ်လက်လွတ် နေထိုင်နေရတာမျိုးလည်းမဟုတ်ပါဘူး၊ စစ်ရေးသတိနဲ့ နေနေရတာ"ဟု သူမက ပြောသည်။

    လမ်းသွားလမ်းလာ စစ်ဆေးရေးတင်းကြပ်နေခြင်းကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်းသို့ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်နှင့် အမျိုးသားနှစ်ဦး ဆိုင်ကယ်လိုက်ပါစီးနင်းခြင်းမပြုရန်လည်း ဒေသခံများ တိုက်တွန်းပြောဆိုသည်။

    ရွေးကောက်ပွဲကျင်းပရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း တော်လှန်ရေးအင်အားစုများစိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ရေးမြောက်ပိုင်း ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံနှင့် အောင်သပြေကျေးရွာများတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း သိရသည်။

    စစ်ကြောင်းထိုးစဉ် ဒေသခံများအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖော်မှုနှင့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး နိုဝင်ဘာလအတွင်း မွန်ပြည်နယ်တွင် လူသားဒိုင်အဖြစ် ဖမ်းဆီးခံရသူ ၂၀ ထက်မနည်းရှိကြောင်း အဓမ္မဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိသည်ဟု လဂွန်းအိမ်စာစဉ်မှ အချက်အလက်များမှ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks