ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှုးရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်မှ အင်အားအများပြား အသုံးပြုကာ အာယုတောင် အနီးတစ်ဝိုက်ရွာများသို့ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ပြည်သူ့စစ်အဖွဲ့ အင်အား ၁၅ ဦးခန့်ရှိသည့် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၁၁နာရီ ခွဲ ဝန်းကျင်က ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေးဘီလူးအဖွဲ့မှ အာယုတောင်ကျေးရွာတောင်ဘက်ရှိ ရွာချင်းဆက်လမ်းအတိုင် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကော်မရှင်တပ်ဖွဲ့မှ ရေးဘီလူးအဖွဲ့တို့ ဆုတ်ခွာသွားခဲ့သည့်လမ်းအတိုင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကော့ကမာနှင့် စာကလယ်ကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

“တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ကြီးနှစ်ကြိမ်ပစ်တယ် အာယုတောင်ရွာအတွင်းကတော့ ဘာမဖြစ်ဘူး ရွာအပြင်နဲ့ အနီးအနားကရွာတွေကတော့နည်းနည်း ဒုက္ခရောက်တယ် စစ်ကားနှစ်စီးကိုစစ်သားအပြည့်တင်ပြီးတော့ ရွာအပြင်မှာ လိုက်စစ်ဆေးတယ်၊ စာကလယ်ရွာဆို သူတို့ တအိမ်တက်တအိမ်ဆင်း အဲလိုလိုက်စစ်တယ် တော်လှန်ရေးတွေ ဆုတ်သွားတဲ့လမ်းဖြစ်နေလိုလေ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်အတွင်း စစ်ကော်မရှင်ဘက်မှ ၄ ဦးသေဆုံးပြီး ပြည်သူ့စစ်ခေါင်းဆောင်လင်းဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည့်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“ ရုံးမှာ ၁၅ ယောက်လောက်တော့ရှိမယ်၊ တိုက်ပွဲက မိနစ် ၂၀လောက်ဖြစ်တယ်၊ ရန်သူဘက်က ၄ ဦးကျတယ်၊ လင်းဦးအပါအဝင် ဒဏ်ရာက ၄ ဦး ရတယ် လင်းဦးကတော့ ဒုတိယအကြိမ် ပေါင်မှာထိသွားတယ် ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူး” ပြောသည်။
အဆိုပါတိုက်ပွဲမှ ရေးဘီလူးအဖွဲ့တို့ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။
ယနေ့တွင် သေဆုံးသူ ပြည်သူ့စစ်အဖွဲဝင် ၄ ဦးကို အာယုတောင်ကျေးရွာသင်္ချိုင်းကုန်း၌ မီးသဂြိုလ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်။
အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ရေးဘီလူးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ပထမအကြိမ် ဝင်ရောက်ပစ်ခတ်မှုလုပ်ဆောင်စဉ် ပြည့်သူစစ်ခေါင်းဆောင် လင်းဦးဆိုသူက လည်ပင်းနှင့်ဝမ်းဗိုက်တွင် ကျည်ရှပ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လက်မောင်းနှစ်ဖက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သေးသည်။
လင်းဦး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် မော့ကနင်အခြေစိုက် ခလရ-၁၀၆၊ အမတ-၃၁၇၊ ခမရ – ၅၈၈၊ ၅၈၇အပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နှင့်အတူ ပူးပေါင်းပြီး အာယုတောင် ရွာတစ်ဝိုက်သို့ စစ်ကြောင်းထိုးခြင်း ဝတ်စုံပြည့်ဖြင့် ကင်းလှည့်လည်ခြင်းများကို တစ်ပတ်တစ်ကြိမ်လုပ်ဆောင်နေကြောင်းလည်း ရေးဒေသခံများမှ သိရသည်။


