spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်း"ဒီဂျစ်တယ်အကြမ်းဖက်ခံမှု"ဆိုင်ရာ မွန်လူငယ်များ၏ စကားသံ

    "ဒီဂျစ်တယ်အကြမ်းဖက်ခံမှု"ဆိုင်ရာ မွန်လူငယ်များ၏ စကားသံ

    -

    ဒီဂျစ်တယ်နည်းပညာများ၏ လျင်မြန်သော တိုးတက်မှုသည် လူနေမှုဘဝကို များစွာအကျိုးပြုသော်လည်း  ယင်းတိုးတက်မှု၏နောက်ကွယ်တွင် ဒီဂျစ်တယ်အကြမ်းဖက်ခံရမှုများသည် အမျိုးသမီးအပါအဝင် LGBTQI+ နှင့် အသက်မပြည့်သေးသူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများ ပုံစံအမျိုးမျိုး ဖြစ်ပွားနေသည်။

     နိုဝင်ဘာလ ၂၅ ရက်နေ့မှ  ဒီဇင်ဘာလ ၁၀ ရက်နေ့၊ လူ့အခွင့်အရေးနေ့အထိ "ကျား- မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာလှုပ်ရှားမှု "16 Days of Activism against Gender-Based Violence”  ဖြစ်ပြီး ယခုနှစ်အတွက် ဒီဂျစ်တယ်နှင့် အွန်လိုင်းပလက်ဖောင်းမှတဆင့်ဖြစ်တဲ့ အကြမ်းဖက်မှုများကို ခေါင်းစဉ်သတ်မှတ်ထားသည်။

    ပုံ – IMNA

    ယခု ၂၀၂၅ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအပါအဝင် မွန်ပြည်နယ်အတွင်းရှိ အမျိုးသမီးနှင့် အသက်မပြည့်သေးသူကလေးငယ်များ အွန်လိုင်းအကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုများ ဆက်တိုက်မြင့်တက်လျှက်ရှိပြီး နစ်နာခံရသူများ၏ စိတ်ပိုင်းဆိုင်ရာများကို ဖြေသိမ့်နိုင်ရန် နည်းလမ်းများကို ရှာဖွေနေဆဲဖြစ်သည်။

    အကြမ်းဖက်မှုနောက်ကွယ်တွင် မမြင်ရသော အတားအဆီးများသည် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ မေးမြန်းဆက်သွယ်ချက်များအရ "ဒီဂျစ်တယ် အကြမ်းဖက်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဥပဒေရေးရာနှင့် လူမှုရေးအတားအဆီးများ အဓိကဖြစ်နေသည်ဟုလည်း လူငယ် အမျိုးသား၊ အမျိုးသမီးနှင့် LGBTQI+ မှ ပြောဆိုသည်။

    မွန်လူငယ်အရေးလှုပ်ရှားနေသူ အမျိုးသမီးတစ်ဦး

    Digital Violence တွေက ကျမတို့တွေ့ကြုံခဲ့ရသလောက်တော့ ဘယ်ကဏ္ဍတွေမှာ လူငယ်တွေပိုပြီး ဘာကြောင့်ခြိမ်းခြောက်ခံနေရလဲဆိုတာ အခုခေတ်လူငယ်တွေက အချစ်ကိုကိုးကွယ်တာကြောင့်လို့ ထင်တယ်။ ရည်းစားဖြစ်တာနဲ့ သူ့အကောင့် ကိုယ့်အကောင့် password ပေးကြတယ်။ အဲ့လိုပေးထားပြီး အဆင်မပြေလာကြရင် မိန်းကလေးတွေက ခံရတယ်။ ကိုယ့်ရဲ့ privacy တွေဘာတွေ ယောကျာ်းလေးတွေက လိုင်းပေါ်မှာ ထုတ်ဖော်လိုက်တယ်။ သူ့ဆီကနေ ရုန်းမထွက်နိုင်အောင် ပုံတွေနဲ့ ခြိမ်းခြောက် မယ်။ အဲ့လိုနည်းလမ်းနဲ့ အကြမ်းဖက်ခံနေရတာရှိတယ်။

    Digital Violence ဖြစ်ဖို့က အမျိုးမျိုးသော အကြောင်းကြောင့်ပေါ့လေ၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့၊ ပြီးတော့ LGBT တွေလည်း ခံနေရတာ ရှိတယ်။ ယောကျာ်းလေးအချင်းချင်းလည်း အကြမ်းဖက်ခံရတာရှိတယ်။ ပြောချင်တာ က Digital က Physical ထက် ပိုပြီး အန္တရာယ်ရှိတယ်။ အဲ့ကြောင့် လူငယ်၊ အမျိုးသမီး၊ LGBT၊ အမျိုးသား တွေအားလုံးက Digital နဲ့ပတ်သက်ပြီး သေသေချာချာလေ့လာထားသင့်တယ်၊ ပြီးတော့ ကိုယ့်ဘဝလုံခြုံရေးကလည်း ပထမဦးစားပေးဖြစ်ရမယ်။ တစ်ခုခုဆို အယုံမလွယ်ကြဖို့ ၊ နောက်တစ်ခုက ခုခေတ်ဆေးတွေကလည်း ပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာတယ်။ ဒီဆေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဘယ်လိုမျိုးဆန့်ကျင်ကာကွယ်သွားရမလဲဆိုတာ ဒါတွေသိမှ Digital Violence နဲ့ဆိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ပပျောက်သွားနိုင်မယ်။

    တက္ကသိုလ်ကျောင်းသူ အမျိုးသမီးတစ်ဦး

    လူငယ်အများစုကလေ ဆိုရှယ်ဖြစ်တဲ့ Facebook, Messager, Tiktok လိုအပ်တာထက် ပိုပြီးအသုံးပြုလာတာ တွေ့နေရတယ်။ Digital ခြိမ်းခြောက်ခံရမှု အများစု အသက် (၁၅) နှစ်နဲ့ (၂၀) ကျော်လောက် မိန်းကလေးငယ်တွေ့ပေါနော် မိဘ၊ ဆွေးမျိုး၊ ပတ်ဝန်းကျင်မှာ နာမည် ပျက်မှာစိုးလို့ အခြားယောကျာ်းနောက် လိုက်သွားတာလဲ ရှိတယ်။ တစ်ချို့မိဘတွေကလည်း ကိုယ့်သားသမီး အရှက်သိက္ခာအတွက် ဖုံးကွယ်မပြောရဲတာလဲ ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မှာလည်း အမျိုးသမီးငယ်တော်တော်များများက ရုပ်ပိုင်ဆိုင်ရာ ကျမတို့အခေါ်အဝေါ် နှုတ်နဲ့ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံနေရတာလဲ ရှိတယ်၊ အထူးသဖြင့် စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ရေးကိုယ်တာ စစ်ဆေးတဲ့ပုံစံနဲ့ ဆိုင်ကယ်ရပ်ခိုင်းပြီး Facebook account, ဖုန်းနံပတ် တောင်းခံနေတာရှိတယ်၊ နောက် ပြီး အမျိုးသမီးအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ကို သွားရောက် အမှုဖွင့်တိုင်ကြားတဲ့အခါ ရဲတပ်ဖွဲ့က ပိုက်ဆံမပေးရင် အမှုမဖွင့်ပေးတာ၊ နောက်တစ်ခုက မုဒိမ်းမှုဆိုလဲ မိသားစုဝင်တွေကိုယ်တိုင်က ငွေရေးကြေရေးနဲ့ဖြေရှင်းလိုက်ရတာ အများကြီးပဲ၊ ပြောရရင် ဥပဒေအကာအကွယ်ပေးမှုကိုက ဆုံးရှုံးနေကြရတယ်။

    LGBTQT+ မွန်လူငယ်တစ်ဦး

    စစ်ကော်မရှင်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းပေါ်ခြိမ်းခြောက်ခံရမှုတွေက အရမ်းကို များလာ တယ်။ အများဆုံးခံရတာက အမျိုးသမီး၊ ပြီးရင် အမျိုးသား၊ ပြီးရင် LGBT အဲ့လိုတွေ အဆင့်ဆင့်ရှိတယ် ပေါ့နော်၊ ဒီဖြစ်စဉ်တွေက အရင်ကတည်းကရှိတယ်။ စစ်ကော်မရှင်အာဏာသိမ်းပြီး နောက်ပိုင်းတော့ ပိုများလာတယ်။ ယောကျာ်းလေးတွေဆို အမည်မသိဖုန်းခေါ်တာတို့ Message ကနေတစ်ဆင့် ညစ်ညမ်း စကားပြောခံရတာရှိတယ်။ မိန်းကလေးတွေဆို Telegram မှာ ခြိမ်းခြောက်ခံရတာတို့၊ LGBT တွေဆို လည်း လိပ်ကိစ္စနဲ့ပတ်သက်ပြီး Ai တွေနဲ့ ပုံလုပ်ပြီး ခြိမ်းခြောက်ခံရတာ၊ ဒီ ၂၀၂၅ မှာက ပိုများလာတယ်။

    လူငယ်တွေအပေါ် အခွင့်ကောင်းယူပြီး ခြိမ်းခြောက်တာတွေပေါ့နော်၊ ဒီလိုကိစ္စတွေက အပြင်မှာထက် အွန်လိုင်းပေါ်မှာက ပိုများတယ်။ နောက်တစ်ခုပြောချင်တာက ဥပဒေအရ ခြိမ်းခြောက်မှုတွေလည်း ရှိတယ်။ အချို့သူတွေက အွန်လိုင်းပေါ်မှာ နိုင်ငံရေးမသက်ဆိုင်တဲ့အကြောင်းပဲဖြစ်ဖြစ် ဘာအကြောင်းဖြစ်ဖြစ် ရေးတင်နေတဲ့သူတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်ဖြစ်ဖြစ် ပါတီဝင်ပဲဖြစ်ဖြစ် စစ်ကော်မရှင်ပဲဖြစ်ဖြစ် သူတို့တွေ Screenshot ရိုက်ပြီး လာခြိမ်းခြောက်တာရှိတယ်။ ခြိမ်းခြောက်တယ်ဆိုတာကလည်း ဥပဒေအရခြိမ်းခြောက်တာ မကဘူး။ ဥပဒေမရှိတာရော ပြီးတော့ ငွေရေးကြေးရေးကိစ္စတွေကလည်း အများကြီးရှိလာတယ်။ ညစ်ညမ်းပုံပို့တာမှ မဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကလည်း အများကြီးရှိလာတယ်။

    မွန်လူငယ်အမျိုးသားတစ်ဦး

    နိုင်ငံတိုင်းလိုလို အင်တာနက်အသုံးပြုမှုတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Social Media အသုံးပြုမှုတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာတယ်။ အဲ့လိုတိုးတက်လာတာနဲ့အမျှ ခြိမ်း ခြောက်ခံရမှုတွေက ပိုမိုများလာတယ်။ ဥပမာ မသမာသူတွေက မိန်းကလေးငယ်ရဲ့ပုံတစ်ပုံကို ရထားတယ်ဆိုပါစို့၊ အဲ့ပုံကနေ AI နဲ့ ညစ်ညမ်းတဲ့ပုံတွေလုပ်ပြီး အွန်လိုင်းပေါ်ဖြန့်လိုက်မယ်ဆိုပြီး အဲ့မိန်းကလေးဆီကနေ ခြိမ်းခြောက်ငွေတောင်းမယ်၊ ဒါကလည်း ခြိမ်းခြောက်ခံရမှုတစ်မျိုးပဲ။ အခုခေတ်က Social Media ခေတ်ဆိုတော့ အရမ်းကိုလွယ်လာတယ်။ အမျိုးသားတွေဆိုလည်း ဘယ်ကမှန်းမသိတဲ့သူတွဆီက နည်းလမ်းမျိုးစုံနဲ့လိမ်လည်အကြမ်းဖက်ခံရတယ်။ အချို့ကအကြမ်းဖက်ခံ နေရမှန်းမသိတော့ အဲ့ကနေတစ်ဆင့် ဘဝပျက်သွားတဲ့သူတွေလည်း အများကြီးရှိတယ်။

     ဒီလိုကိစ္စတွေက ကျား၊ မ၊ LGBTQI+ ဆိုတာတွေမရှိဘူး။ အကုန်လုံးက ခြိမ်းခြောက်ခံနေရတာတွေကြီးပဲ။ အဲ့လိုခံနေရ ပေမယ့်လည်း သူတို့အတွက်အကာအကွယ်ပေးနိုင်တဲ့ ဥပဒေကလည်း နည်းပါးနေသေးတယ်။ ဥပဒေ နည်းလို့ပ ပိုပြီး အဖြစ်များလာတာထင်ပါတယ်။ နောက်တစ်ခုက နိုင်ငံရေးအခြေအနေကြောင့်လည်းပါတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတာတွေက ကိုယ်ကိုတိုင်လည်းမြင်နေရတွေ့နေရတာပဲလေ၊ ဒါမဲ့ ဘာမှမတတ်နိုင်ဘူး။ ခေတ်ပျက်ကြီးထဲမှာက အာဏာရှိတဲ့သူတွေကပဲ အနိုင်ရကြတာလေ၊ အဲ့ကြောင့်မို့ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေက နည်းနေတော့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရတဲ့ နှောင့် ယှက်ခံနေရတာ၊ ခြိမ်းခြောက်ငွေကြေးတောင်းခံနေရတာ စတဲ့ကိစ္စတွေအားလုံးက ဒီစစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ပိုပြီးပေါ်ပေါ်တင်တင် ထင်ထင်ရှားရှားအဖြစ်များလာပါတယ်။

    တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦး

    လိင်အမြတ်ထုတ်မှုတွေ ကျနော်တို့နိုင်ငံမှာ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်လည်းဖြစ် နေဆဲပဲ။ ဒီလိုဆိုးရွားတဲ့ကိစ္စကို အွန်လိုင်းလိင်အမြတ် ထုတ်ခံရတဲ့ သူတွေကဆီကနေ စောစောပိုသိ ခဲ့ရတယ်။ ဒီပရိယာယ်ရဲ့ နောက်ကွယ်က ယုတ်မာမှု တွေကြောင့် နစ်နာရသူတွေရဲ့ စိတ်ဒဏ်ရာကို ဖြေသိမ့်ဖို့နည်းလမ်းတွေ ရှာနေရဆဲပဲ။ ဥပမာ- profile မှာ အမျိုးသမီးပုံတွေနဲ့၊ အမျိုးသမီးနာမည်တွေနဲ့ အမျိုးသမီးအသံလေးနဲ့၊ အမျိုးသမီးရင်သားနဲ့၊ ဒါတွေက အမျိုးသမီးတွေ မဟုတ်ကြပါဘူး။ ခေတ်တိုးတက်လာတာနဲ့အမျှ video call ခေါ်ရင်တောင် အခြားးဖုန်းကနေ အခြားအမျိုးသမီးရဲ့ video ပြပြီးတော့ကို အယုံသွင်း အယောင်ဆောင် ဖြားယောင်းဖန်တီးထားကြတာ၊၊ မဆက်သွယ်ဖြစ်ကြတဲ့အချိန်၊ မင်္ဂလာဆောင်သွားတဲ့ အချိန်၊ နာမည်ကျော်ကြားသွားတဲ့ အချိန်တွေမှာ အကြပ်ကိုင်အရှက်ခွဲတာမျိုး၊ ကိုယ့်ရဲ့ မိသားစုဝင်၊ ကိုယ့်ရဲ့ ချစ်သူရည်းစား၊ ကိုယ့်ရဲ့သတို့သမီးလောင်းဆီ ပို့ပြီး ခြိမ်းခြောက်တာမျိုး၊ ဒါတွေဟာ ကိုယ့်လူမှုဝန်းကျင်၊ ကိုယ့်အနာဂတ်၊ ကိုယ့်အလုပ်မှာ လာရိုက်ခတ်တာမျိုးအထိ ကြုံလာနိုင်တယ်။ နောက်တစ်ခုက အခုကာလဆို AI နဲ့ ဖန်တီးတာမျိုးတောင် ရှိလာနိုင်တယ်။ အကြံပြုချင်တာက ငြိမ်းချမ်းတဲ့လူမှုအဖွဲ့အစည်းတစ်ခု လိုချင်တယ်ဆိုရင် ကိုယ်တိုင်ဟာ အကြမ်းမဖက်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုကိုလည်း ကာကွယ်ကြရပါမယ်၊ ဖေးမနှစ်သိမ့်ပေးကြရပါမယ်၊ အကြမ်းဖက်ခံရသူကို အပြစ်မတင်ခြင်းဖြင့် ငြိမ်းချမ်းလှပတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks