spot_img
Wednesday, December 17, 2025
More
    spot_img
    Homeဆောင်းပါးဖက်ဒရယ်လစ်ဇင် (ဖက်ဒရယ်ဝါဒ) နှင့် ဒီမိုကရေစီကျင့်စဥ်

    ဖက်ဒရယ်လစ်ဇင် (ဖက်ဒရယ်ဝါဒ) နှင့် ဒီမိုကရေစီကျင့်စဥ်

    -

    စာရေးသူ – မင်းဟင်္သာ

    မူဝါဒချမှတ်သူများ (Policymakers) ဖြစ်စေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ (Human Rights Activists) ဖြစ်စေ၊ နိုင်ငံရေးသရုပ်ခွဲစိစစ်သူများ (Political Analysts) ဖြစ်စေ၊ သို့မဟုတ် ဒီမိုကရက်တစ်သီအိုရီသမားများ (Democratic Theorists) ဖြစ်စေ၊ ဒီမိုကရေစီပျံ့နှံ့ခိုင်မာရေးကို စိတ်ဝင်တစားရှိသော ကျွန်တော်တို့တစ်တွေအတွက် “ဖက်ဒရယ်လစ်ဇင်” ၏ ဖြစ်တန်ရာ အန္တရာယ်များ နှင့် အကျိုးကျေးဇူးများကို ပြန်လည်စဥ်းစားသုံးသပ်ကြဖို့ မည်သည့်အချိန်နှင့်မျှ မတူအောင် အထူးအရေးတကြီး လိုအပ်နေပါသည်။

    ဤကိစ္စနှင့်ပတ်သက်၍ အကြီးမားဆုံးအန္တရာယ်မှာ ဖက်ဒရယ်အစီအမံများအနေနှင့် လူမျိုးစုအမျိုးသားရေးဝါဒီများ (Nationalists) အတွက် သူတို့၏ အရင်းအမြစ်များကို ဆော်သြစည်းရုံးရန် အခွင့်အလမ်းပေါင်း မြောက်များစွာ ပေးအပ်လိုက်နိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် တစ်ပြည်လုံးအတိုင်းအတာ ဒီမိုကရက်တစ်ပါတီများ မရှိသေးမီ၊ တစ်ပြည်လုံးအတိုင်းအတာ ဒီမိုကရေစီလမ်းကြောင်းဖြင့် ရွေးကောက်ပွဲများ မကျင်းပနိုင်သေးချိန်တွင် ယခင်ဒီမို ကရေစီမဟုတ်သေးသော ဖက်ဒရယ်လုပ်ငန်းစဥ်များ ရှိနေခဲ့သည့် ဒေသများကို ရွေးကောက်ပွဲများ စတင်ကျင်းပ လိုက်ပါက အဆိုပါ ဘေးအန္တရာယ်မှာ ပို၍ စိုးရိမ်ဖွယ်ရာ ဖြစ်လာတတ်ပါသည်။

    ယခင်ကွန်မြူနစ်နိုင်ငံများ ဖြစ်ခဲ့ကြသော အရှေ့ဥပရောပ (၉) နိုင်ငံတို့ကို ပြန်လေ့လာကြည့်လိုက်လျှင် (၆)နိုင်ငံမှာ တစ်ပြည်ထောင်စနစ် ကျင့်သုံးခဲ့သောနိုင်ငံများဖြစ်ပြီး၊ သုံးနိုင်ငံမှာ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများဖြစ်ကြ သည်။ ယခုအခါ အဆိုပါ တစ်ပြည်ထောင်စနစ် (၆)နိုင်ငံထဲမှ နိုင်ငံ (၅)နိုင်ငံတို့ ပေါ်ထွက်လာပြီး (ဥပမာ – အရှေ့ဂျာမနီမှာ ဖက်ဒရယ်သမ္မတနိုင်ငံ၊ အနောက်ဂျာမနီနှင့်အတူ ပေါင်းစည်းသွားခဲ့ကြသည်။) ကျန်ဖက်ဒရယ် (၃)နိုင်ငံဖြစ်ကြသော ယူဂိုဆလားဗီးယား၊ ဆိုဗီယက်ယူနီယံ နှင့် ချက်ကိုစလိုဗားကီးယားတို့မှ လွတ်လပ်သော နိုင်ငံပေါင်း (၂၂)နိုင်ငံတို့ဖြင့် ပေါ်ထွက်လာခဲ့သည်။ ကွန်မြူနစ်ခေတ်လွန် ဥရောပတိုက်၏ “လူမျိုးစုအုပ်ချုပ်ရေး – အက်သနိုကရေစီ Ethnocracy” နှင့် လူမျိုးစု သွေးချောင်းစီး စစ်ပွဲအများစုမှာ ယခင်ဖက်ဒရယ်စနစ် ကျင့်သုံးခဲ့ကြ သော ဆိုခဲ့ပါ နိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

    ဖက်ဒရယ်လစ်ဇင်ဖြစ်တန်ရာ ပြဿနာများ ရှိကြသည့်တိုင် လူမျိုးပေါင်းစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ် (Multi-Ethnic Democratic Political System) နှင့် များသောအားဖြင့် ဆက်စပ်ဖြစ်တည်နေကြသည်မှာ တစ်ပြည်ထောင်နိုင်ငံများ မဟုတ်ပေ။ ဖက်ဒရယ်နိုင်ငံများသာ ဖြစ်ပါသည်။ ထိုမျှမက အဆိုပါ ဖက်ဒရယ်နိုင်ငံများမှာ ကြီးမားသော လူဦးရေ ရှိသလို၊ ကျယ်ပြန့်သော နယ်ပယ်ပိုင်နက်များလည်း ရှိကြသည် ဖြစ်ပါသည်။ ထို့ထက် နယ်မြေဒေသ အခြေခံ ဘာသာစကားစုံလင်မှုနှင့် ဆက်စပ်နေကြသော ဒီမိုကရေစီနိုင်ငံများလည်း ဖြစ်ကြပါသည်။ အမှန်စင်စစ် နယ်မြေ ဒေသအခြေခံ ဘာသာစကားစုံလင်မှုနှင့် လူမျိုးပေါင်းစုံ လူ့အဖွဲ့အစည်းပုံစံ ရှိကြသည့် ဝါရင့်ကမ္ဘာရင့် ဒီမိုကရေစီ နိုင်ငံတိုင်းသည်ပင် ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများသာ ဖြစ်ကြပါသည်။

    ပြောကြစတမ်းဆိုလျှင် ကမ္ဘာပေါ်တွင် လူမျိုးပေါင်းစုံ လူ့အဖွဲ့အစည်းပုံစံ ရှိကြသည့် နိုင်ငံပေါင်း အမြောက်အမြား ရှိကြသော်လည်း ၎င်းတို့ထဲမှာ အနည်းငယ်လောက်သည်သာ ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြသည်။ အဆိုပါ အနည်း ငယ်မျှသော လူမျိုးပေါင်းစုံ ဒီမိုကရေစီနိုင်ငံအားလုံးမှာ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများဖြစ်ကြပါသည်။ ဆွစ်ဇာလန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အိန္ဒိယ စသဖြင့် ရှိကြသည်။ ဆွစ်ဇာလန်မှလွဲ၍ ကျန်ဒီမိုကရေစီနိုင်ငံ အားလုံးမှာ ၎င်းတို့၏ လူမျိုးပေါင်းစုံ လူ့အဖွဲ့အစည်းကို စီမံခန့်ခွဲရာတွင် ပြဿနာများ ရှိသင့်သလောက် ရှိနေကြ သော်လည်း အဆိုပါ နိုင်ငံများမှာ အထိုက်အသင့် တည်ငြိမ်နေသည်ဟု ဆိုရပါမည်။ (ပြောရလျှင် ဆွစ်ဇာလန်နိုင်ငံ တွင်လည်း ကတ်သလစ်ဘာသာ ကိုးကွယ်သည့် “ဒေသစိတ်နယ်မြေများ” ခွဲထွက်ဖို့ ကြိုးစားရာမှ (၁၈၄၈) ခုနှစ်တွင် ဆွန်ဒါဘန်းစစ်ပွဲနှင့် ကြုံခဲ့ဖူးပါသည်။

    အဆိုပါနိုင်ငံများနှင့် နှိုင်းယှဥ်ကြည့်သင့်သည်မှာ သီရိလင်္ကာနိုင်ငံဖြစ်ပါသည်။ သီရိလင်္ကာမှာ နယ်မြေဒေသအခြေခံ ဘာသာစကားစုံလင်မှုနှင့် လူမျိုးပေါင်းစုံရှိနေကြသော တစ်ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပေသည်။ ဖက်ဒရယ် စနစ်ကျင့်သုံးလျှင် ကျားမြီးဆွဲသလိုကိစ္စမျိုးကြုံရမည်လော။ စိုးရိမ်ထိတ်လန့်နေသည်နှင့် တိုင်းပြည်၏ လူမျိုးစု ပြဿနာများကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ရာမှ (၁၅) နှစ်ကြာ သွေးချောင်းစီးပြည်တွင်းစစ်ထဲသို့ ဦးစောက် ကျွမ်းပြန် ထိုးကျခဲ့ရသည်။

    ဆိုခဲ့ပြီးသည့်အတိုင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီ နိုင်ငံများနှင့် ဖက်ဒရယ်စနစ်ကြား ခိုင်မာသော အဆက်အစပ်ရှိ သည့်အပြင် ဘာသာစကားများ နှင့် လူမျိုးစုစုံလင်မှုတွင် အမြင့်မားဆုံးဖြစ်သော ဝါရင့်ကမ္ဘာရင့် (၆)နိုင်ငံတို့ကို လေ့လာကြည့်လိုက်လျှင်လည်း ၎င်းတို့အားလုံး ဖက်ဒရယ်နိုင်ငံများ ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ အိန္ဒိယ၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ စပိန် နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံများအနေ ဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ရွေးချယ်ခဲ့ကြသည်မှာ ၎င်းတို့၏ လူမျိုးစု နှင့် ဘာသာစကားဆိုင်ရာ စုံလင်ဖြစ်မှု ကနေ အကြောင်းခံ ဖြစ်ပေါ်လာသော ပြဿနာရပ်များကိုလည်း စီမံခန့်ခွဲရာတွင် ဖက်ဒရယ်စနစ်ဖြင့် အထောက် ကူပြုနိုင်ခဲ့သောကြောင့် ဖြစ်ပါလိမ့်မည်။

    အလားတူ အင်ဒိုနီရှား၊ ရုရှား၊ နိုက်ဂျီးရီးယား၊ တရုတ်နှင့် မြန်မာနိုင်ငံတို့အနေနှင့်လည်း တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံများဖြစ်လာဖို့ဆိုလျှင် အလုပ်ဖြစ်နိုင်သော ဖက်ဒရယ်စနစ်ကို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးကြရပါလိမ့်မည်။ ယဥ်ကျေးမှုဆိုင်ရာလင်ဖြစ်ကွဲပြားမှု၊ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုတို့အတွက် သန်မြန်သော စွမ်းဆောင်ရည် နှင့် နိုင်ငံ သားများကြား ယေဘုယျ တန်းတူညီမျှမှုစံနှုန်းကို ခွင့်ပြုကြသော ဖက်ဒရယ်စနစ် ပုံသဏ္ဌာန်မျိုး ဖြစ်ရပါလိမ့်မည်။ ဥပမာ – အင်ဒိုနီးရှားနိုင်ငံအရေးကို ကြည့်ရပါမည်။ အင်ဒိုနီးရှားမှာ ဖက်ဒရယ်နိုင်ငံတစ်ရပ် ညွှန်းကိန်းအားလုံး ပေါင်းစုံရာ နိုင်ငံတစ်ခုဟု ယူဆကြသော် ထင်ရပါမည်။ ၎င်း၏ လူဦးရေမှာလည်း သန်း ၂၀၀ ကျော်ရှိပါသည်။ နယ်ပယ်ပိုင်နက်မှာ လူသူအခြေချနေထိုင်သော ကျွန်းပေါင်း (၂၀၀၀)ကျော်ကို ဖြန့်ကြက်တည်ရှိသည်။ ဘာသာ စကား၊ ဘာသာရေး နှင့် လူမျိုးစုအရ အကြီးအကျယ်စုံလင်ကွဲပြားနေကြသော နိုင်ငံကြီးတစ်ခုလည်း ဖြစ်ပါသည်။ သို့အတွက် ဖက်ဒရယ်စနစ်နှင့်ဆက်စပ်နေကြသော အမျိုးအစားတွင် အင်ဒိုနီးရှားမှာ ထိပ်ဆုံးနီးပါးလောက် ရှိနေ ပါသည်။ ဤသို့ တိုင်းပြည်အနေဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာဖို့ဆိုလျှင် ဖက်ဒရယ်စနစ် သို့မဟုတ် ဗဟိုချုပ် ကိုင်မှုလျှော့ချရေး Decentralization ကို ကိုင်တွယ်ဖြေရှင်းရလိမ့်မည်ကို မည်သူမဆို စဥ်းစားမိပါမည်။

    သို့နှင့်တိုင် အင်ဒိုနီးရှားခေါင်းဆောင် ဆူဟာတို ပြုတ်ကျပြီးခါစက အင်ဒိုနီးရှားခေါင်းဆောင်များက အစည်းအဝေး မှာ အင်ဒိုနီးရှား နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနှင့် ပညာတတ်ခေါင်းဆောင်များ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်သူ အများစု (အထူးသဖြင့် စစ်ဘက်ခေါင်းဆောင်များ) က “ဖက်ဒရယ်လစ်ဇင် (ဖက်ရဒယ်စနစ်) Federalism”ကို အထူးအထွေ စဥ်းစားမနေကြဘဲ ချက်ချင်းကန့်ကွက်ခဲ့ကြသည်။ ဒတ်(ချ်) ကိုလိုနီအုပ်ချုပ်ရေး အဆုံး၌ ကြုံတွေ့ခဲ့ရသော ခွဲထွက်ရေးပဋိပက္ခများကြောင့် ဤသို့ ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါ လိမ့်မည်။ အင်ဒိုနီးရှားအနေဖြင့် “အာချေး” သို့မဟုတ် “အီရီယံဂျာယား” တို့လိုမျိုး အထူးတရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်ပါက ဖက်ဒရယ်စနစ် မဟုတ်လျှင်သော်မှ “ဖက်ဒရေစီ Federacy” သဘောမျိုး အနည်းဆုံးစဥ်းစားသင့် သည်ဟု ထင်ပါသည်။ “ဖက်ဒရေစီ” ဆိုသည်မှာ တစ်ပြည်ထောင်စနစ် နှင့် ဖက်ဒရယ်စနစ်ကြား ကန့်ထားသော မူကွဲပုံစံတစ်မျိုး ဖြစ်ပါသည်။ နယ်မြေအရ၊ လူမျိုးစုအရ၊ ယဥ်ကျေးမှုအရ ကွဲပြားခြားနားသော အသိုက်အဝန်း များကြားတွင် ဖက်ဒရယ်ဆက်ဆံရေးများကို ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ အခြားအစိတ်အပိုင်းများတွင်မူ တစ်ပြည်ထောင်အုပ်စိုးမှုကို ကျင့်သုံးသော နိုင်ငံရေးစနစ်မျိုး ဖြစ်ပါသည်။ ဥပမာ – ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်း ကျွန်းနှင့်ဆက်ဆံရေး၊ ဖင်လန်နိုင်ငံ၏ အာလန်ကျွန်းနှင့်ဆက်ဆံရေးတို့မှာ အဆိုပါ “ဖက်ဒရေစီ Federacy” ပုံစံမျိုး ဖြင့် ကြားခံထားခြင်း ဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် လက်ရှိပကတိကြုံနေသော ပဋိပက္ခများ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို မည်သို့မည် ပုံကိုင်တွယ်ဖြေရှင်းကြမည်သနည်း “ဖက်ဒရယ်-ဒီမိုကရေစီ” မည်လော၊ “ဒီမိုကရေစီ-ဖက်ဒရယ်” မည်လော သို့မဟုတ် “တစ်ပြည်ထောင်စနစ်ဖြင့် ဖက်ဒရေစီ” မည်လော ခေါင်းစားစရာအလုပ်များ ဖြစ်လာပါလိမ့်မည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts