spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့ မွန်ရိုးရာအခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်းမှ အရည်အချင်းပြည့်သူ ၃၅ ဦးကို သင်တန်းဆင်းလက်မှတ်ပေးအပ်

    ရန်ကုန်မြို့ မွန်ရိုးရာအခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်းမှ အရည်အချင်းပြည့်သူ ၃၅ ဦးကို သင်တန်းဆင်းလက်မှတ်ပေးအပ်

    -

    ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ မွန်လူငယ်မျိုးဆက်သစ်များအတွက် နှစ်စဉ်ဖွင့်လှစ်လေ့ရှိသော မွန်ရိုးရာအခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်းဆင်းပွဲကို ရွေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်တွင် ကျင်းပခဲ့ပြီး သင်တန်းသား ၃၅ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများမှ သိရသည်။

    မွန်ရိုးရာအခြေခံ အကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်းကို အောက်တိုဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သင်တန်းသားနှင့် သင်တန်းသူများအတွက် သင်တန်းဆင်လက်မှတ်ပေးအပ်သည့်အခမ်းအနားကို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှဦးဆောင်ပြီး နှစ်လတာ သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

     ဓာတ်ပုံ- မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)

    “မွန်လူမျိုးရဲ့ စာပေရော ယဉ်ကျေးမှုရော မပျောက်သွားအောင်က အဓိကထားပြီး သင်တန်းတွေ ဖွင့်တယ်ပေါ့နော်။ အခု ယဉ်ကျေးမှုတွေက အနောက်ယဉ်ကျေးမှုတွေ အရမ်းခေတ်စားနေတော့ ကိုယ့်ရဲ ယဉ်ကျေးမှုပျောက်သွားမှာကို စိုးရိမ်လို့ မျိုးဆက်သစ်လူငယ်တွေကို ပေးကမ်းချင်လို့ဖွင့်ဖြစ်တယ်” ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ဒုဥက္ကဌတာဝန်ရှိသူတစ်ဦးက ပြောသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မွန်လူငယ်မျိုးဆက်သစ်များအတွက် ရေရှည်လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ပြီး မွန်ရိုးရာအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်းကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိပြီး ယခုသင်တန်းဆင်းပွဲသည် တတိယအကြိမ်ဖြစ်ကြောင်းလည်း ဆိုသည်။

    ထိုအပြင် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် မွန်ရိုးရာအခြေခံ အကသင်တန်းမှ ပထမအပိုင်းနှင့် ဒုတိယအပိုင်းဟူ၍ ခွဲခြားသင်ကြားပေးပြီး၊ အတီးမွန်းမံနှင့်ပတ်သက်သည့် သင်တန်းတွင်လည်း ဝါးခြမ်း၊ ပတ္တလား၊ ဗုံ၊ ပုလွေ၊ လခြမ်းတူရိယာ၊ မိကျောင်း စသည့် မွန်တူရိယာများအားလုံးကိုလည်း သင်ကြားပေးခဲ့သည်ဟု ဆက်ဆိုသည်။

    “အတီးပညာရှင် ဆရာမ မိမိုးမိုးအေးသင်ပေးတာနဲ့ အကမှာက ယဉ်ကျေးမှုတက္ကသိုလ်က အကပညာရှင် ဆရာမကြီး မိမြသန်းက လာရောက်သင်ကြားပေးတဲ့အတွက် ကလေးတွေက အရမ်းကံကောင်းတယ်ပေါ့နော်” ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ယခုနှစ်သင်တန်းတွင် ရန်ကုန်မြို့နယ် ဒေသအသီးသီးမှ ပါဝင်တက်ရောက်သော သင်တန်းသူ၊သင်တန်းသား စုစုပေါင်း ၃၅ ဦးဖြစ်ပြီး၊ ကျွမ်းကျင်သော သင်တန်းဆရာများနှင့် လေ့ကျင်ရသောကြောင့် ထိရောက်မှုရှိသင်တန်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

    လာမည့်  ၂၀၂၆ ခုနှစ်တွင်လည်း မွန်ရိုးရာအကနှင့် အတီးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားနိုင်ရန်ရှိပြီး နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

    ရန်ကုန်မြို့နေ မွန်လူမျိုးများသည် နောက်ပိုင်း လက်ထပ်ထိမ်းမြားမင်္ဂလာပွဲများ၊ ရှင်ပြုလှည့်လည်ခြင်းနှင့် ပွဲအခမ်းအနားများတွင် မွန်ယဉ်ကျေးမှုအကအလှများကို ထည့်သွင်းကျင်းပလာကြသဖြင့် ယဉ်ကျေးမှု သင်တန်းဆင်းမွန်လူငယ်များလည်း အရည်အချင်းပြသခွင့်ရှိလာနေကြောင်း သိရသည်။

    မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ကို ၁၉၇၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့ရာ သက်တမ်း ၅၀ ကျော်တည်ရှိနေသော်လည်း နှစ်စဉ်မတူညီသည့် အခြေအနေများနှင့် နိုင်ငံရေးမတည်ငြိမ်းမှုကြောင့် မွန်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းများကို သုံးနှစ်ဝန်းကျင်သာ ဖွင့်လှစ်ပေးနိုင်ခဲ့သေးကြောင်း သိရသည်။

    စာပေ၊ ယဉ်ကျေးမှုအပြင် နိုင်ငံရေးအကြောင်းအရာများအပါအဝင် မွန်လူမျိုးများ၏ အသိပညာကျယ်ပြန့်အောင်မြင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားသည့် ကော်မတီသည် ကာလ ၅၀ ကျော်အတွင်း မွန်ကျောက်စာသင်တန်း၊ သုတေသနသင်တန်း၊ ယဉ်ကျေးမှုအကသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့သလို ပြက္ခဒိန်နှင့် မွန်ဖတ်စာအုပ်များကိုလည်း ဖြန့်ဝေနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks