spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ၂ ဦးနှင့် နို့တိုက်မိခင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

    ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ၂ ဦးနှင့် နို့တိုက်မိခင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းရွာကျေးရွာ နေအိမ်တစ်အိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရှိ ဒေသခံအမျိုးသား ၂ ဦးနှင့် နို့တိုက်မိခင် အမျိုးသမီး ၁ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များမှ သိရသည်။

    စစ်ကော်မရှင်အဖွဲ့ ကျောင်းရွာအခြေစိုက် ခမရ- ၅၉၁ တပ်ရင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့သည် ယမန်‌နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ကျောင်းရွာအပြင်ဘက်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ခမရ- ၅၉၁ မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူခဲ့ကြောင်း ဒေသခံများက ပြောသည်။

    နောက်ဆုံးအကြိမ် ပစ်ခတ်မှုကြောင့် ကျောင်းရွာကျေးရွာအတွင်း နေအိမ်တစ်အိမ်အနီး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည့်အပြင် နေအိမ် ၃ လုံးထက်မနည်း ပျက်စီးမှုများရှိခဲ့ကြောင်း ကျောင်းရွာဒေသခံ တစ်ဦးက ဆိုသည်။

    “မနေ့ကတိုက်ပွဲဖြစ်လို့ လူစုပြီးနေလိုက်တာ လက်နက်ကြီးက ဆက်တိုက်ပစ်နေတာ ၁၀ လုံးလောက်ရှိတယ်။ နောက်ဆုံးအလုံးမှ ထိသွားတာ။ အိမ်ရှေ့တံခါးဝမှာ စကားပြောနေရင်း လက်နက်ကြီးက အိမ်ရှေ့မှာကျသွားတာ အဲ့ကြောင့် ကျည်စတွေထိသွားတယ်။ အိမ်တွေလည်း သုံးလေအိမ်လောက် နည်းနည်းပါးပါးထိသွားတယ် ” ဟု ထိခိုက်ဒဏ်ရာရရှိသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၄၀)ကျော် အမျိုးသားတစ်ဦး မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ အမျိုးသမီးဖြစ်သူ အသက် (၃၈) နှစ်အရွယ် နို့တိုက်မိခင်မှာလည်း နဖူးတွင် ဒဏ်ရာရရှိခဲ့သည့်အပြင် အမျိုးဖြစ်သူ အသက် (၅၃) အရွယ်အမျိုးသားတစ်ဦးလည်း ရင်ဘတ်တွင် ကျည်စများထိမှန်ခဲ့သည်။

    ဒဏ်ရာရရှိသူများ ကျေးရွာဆေးပေးခန်းတွင်သာ ကုသမှုခံယူနေရသူများရှိသလို မျက်လုံးတစ်ဝိုက်ဒဏ်ရာ ပြင်းထန်ခဲ့သည့် အမျိုးသားတစ်ဦးမှာ မော်လမြိုင်ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနေရသည်။

    တိုက်ပွဲဖြစ်ပွားချိန်နှင့် လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေချိန်အတွင်း ကျောင်းရွာ-ရေး လမ်းပိုင်းကို ခေတ္တခဏလမ်းပိတ်ဆို့မှုလုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုအပြီး လမ်းပြန်ဖွင့်ခဲ့သည်ဟုလည်း အထက်ပါဒေသခံက ပြောသည်။

    “ မနေ့ကတည်းက ဒဏ်ရာရသူတွေကို မော်လမြိုင်ဆေးရုံကို တိုက်ရိုက်ပို့ထားတာ စစ်‌ဆေးတာတွေမရှိဘူး ပစ်ခတ်နေတုန်းမှာပဲ ကျောင်းရွာကနေ ရေးသွားတဲ့လမ်းကို သူတို့ခနပိတ်ထားတာ ၁၅မိနစ်လောက်ပဲ။ ပြီးမှ ပြန်ဖွင့်ပေးလိုက်တာ ဒီနေ့က အသွားအလာကတော့ ပုံမှန်ပဲ ဘာမရှိဘူး” ဟု အထက်နီးစပ်သူက ပြောသည်။

    ယနေ့တွင် စစ်ဆေးမှုများ မရှိသော်လည်း ယမန်နေ့က ပစ်ခတ်မှုအခြေအနေများကြောင့် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြပြီး အပြင်ထွက်သွားလာသူများလည်း နည်းပါးလာနေသည်ဟုလည်း ဆိုသည်။

    ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့မှ တိုက်ကင်းပုံစံဖြင့် နေ့စဉ် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်တိုက်ပွဲငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ(၂၅)ရက်နေ့နှင့် (၂၇) ရက်နေ့က ရေးမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းတို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်‌ကော်မရှင်ဘက်မှ ၇ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုပြည်သူ့တော်လှန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks