စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပြုရန် ထုတ်ပြန်ထားသည့်နောက် ပြည်ပရောက် မြန်မာပြောင်းရွှေ့လုပ်သားများအား နေထိုင်ခွင့်အထောက်အထားနှင့် အလုပ်သမားခံစားခွင့်ဆိုင်ရာ ကတိကဝတ်များပေး၍ မဲဆွယ်စည်းရုံးမှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ပြည်ပရောက်မြန်မာအလုပ်သမားများက ပြေသည်။
ယခုရက်ပိုင်းအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လက်အောက်ခံနှင့် မြန်မာသံရုံးဝန်ထမ်းအဖွဲ့များက ပြည်ပတွင် ဖွင့်လှစ်ထားသော မြန်မာပညာရေးစင်တာများ၊ လူစုလူဝေးနေရာများ၊ လုပ်ငန်းခွင်များသို့ သွားရောက်၍ အလုပ်သမားခံစားခွင့်နှင့် နေထိုင်ခွင့်ဆိုင်ရာကိစ္စများကို မွမ်းမံကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုကာ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေကြသည်။

“အများဆုံးတွေ့ရတာကတော့ မဲဆွယ်နေတဲ့အချိန်မှာ သူတို့ပေးတဲ့ ကတိကဝတ်တွေကတော့ သူတို့ရွေးကောက်ပွဲပြီးလို့ ကြံ့ခိုင်ဖွံ့ဖြိုရေးပါတီက အစိုးရဖြစ်ရင် ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ နေထိုင်ခွင့်အထောက်အထားတွေ အလုပ်သမားခံစားခွင့်တွေကို သူတို့ပြန်လည်ပြုပြင်စိစစ်ကြပ်မတ် အကူအညီပေးပါမယ်ဆိုတဲ့ ပြောဆိုစည်းရုံးမှုတွေ ရှိနေပါတယ်” ဟု ထိုင်းနိုင်ငံအတွင်း မြန်မာပြောင်းရွှေ့အလုပ်သမားအခွင့်အရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။
ထိုအတူ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားရှိ မြန်မာသံရုံးများမှလည်း ပတ်စပို့သက်တမ်းတိုးသူများနှင့် စာရွက်စာတမ်းလက်မဲ့ဖြစ်နေသူများ သံရုံးသို့လာရောက်စဉ် ဟောပြောစည်းရုံးပြီး ကြိုတင်ဆန္ဒမဲမပြုပါက စာရွက်စာတမ်းများကို ထုတ်ပေးသွားမည်မဟုတ်ဟုဆိုပြီး ဖိအားပေးခံရမှုများလည်း ရှိနေသည်ဟု သိရသည်။
အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၁၅ ကို အောက်တိုဘာလ ၁၅ ရက်နေ့မတိုင်မီ ပေးပို့ခဲ့ကြသည့် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့အတွင်း မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဘန်ကောက်မြို့ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပြုနိုင်ကြောင်း ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ဒီဇင်ဘာလ ၁ ရက်မှာ အသိပေးကြေညာခဲ့သည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းချက်များအရ စစ်ကော်မရှင်လက်အောက်ခံ မြန်မာသံရုံးအသီးသီးမှ ပြည်ပရောက် မြန်မာများ ကြိုတင်ဆန္ဒမဲပြုရန် နည်းအမျိုးမျိုး ထုတ်ပြန်တိုက်တွန်းနေသော်လည်း စစ်ကော်မရှင် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိသလို အယုံအကြည်လည်း မရှိသည့်အတွက် ကြိုတင်မဲပြုမည်မဟုတ် ကြမဟုတ်ကြောင်း ပြောဆိုလျှက်ရှိသည်။
သို့သော် တစ်ဖက်တွင် သက်ဆိုင်ရာ မြန်မာသံရုံးများသို့ စာရွက်စာတမ်း၊ အချက်အလက်များထုတ်ယူချိန် အကြပ်ကိုင်ခံရမည်ကိုလည်း စိုးရိမ်နေကြောင်း ထိုင်းနိုင်ငံရောက် မွန်လူငယ်တစ်ဦးက ဆိုသည်။

“ အများစုက မဲပေးမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့အကြပ်ကိုင်လာမှာကိုပဲ စိုးရိမ်ရတယ်။ ဖောင်မဖြည့်ဘူးဆိုရင် ကျနော်တို့ကို ဟိုတာမလုပ်ပေးဘူး။ ဒီဟာမထုတ်ပေးဘူး လုပ်လာအုံးမယ်။ စာရွက်စာတမ်းကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း စိုးရိမ်ရသေးတယ်” ဟု ထိုင်းနိုင်ငံရောက် မွန်လူငယ်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား စသည့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပြုနိုင်ရန် ပုံစံ (၁၅) ကို အုပ်စုအလိုက် အလုအယက် လျှောက်ထားခဲ့ပြီး မဲမပေးခင် သုံးလအလိုကပင် ပိတ်ပင်လိုက်ရကြောင်း သိရသည်။
သို့သော် ယခုစစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲအတွက် ပုံစံ (၁၅) လျှောက်ထားခွင့်ရက်များကို ထပ်တိုး၍ အကြိမ်ကြိမ်ကန့်သတ်ထားသော်လည်း စိတ်ဝင်စားသူမရှိသလို သွားရောက်လျှောက်ထားသူများလည်း မရှိကြောင်း သိရသည်။



