spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမောတောင်- ကော့သောင်းလမ်းပိုင်း ကားခ ဘတ်နှစ်သောင်းအထိ ပေါက်ဈေးရှိနေ

    မောတောင်- ကော့သောင်းလမ်းပိုင်း ကားခ ဘတ်နှစ်သောင်းအထိ ပေါက်ဈေးရှိနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့တစ်ဝိုက်ရှိဒေသခံများ လုံခြုံရေးအခြေအနေကြောင့် ခရီးသွားလာရေးခက်ခဲပြီး မောတောင်-ကော့သောင်းလမ်းပိုင်းတွင် ခရီးသည်တစ်ဦး ကားခဘတ်နှစ်သောင်းအထိ ပေါက်ဈေးရှိနေကြောင်း အဆိုပါလမ်းပိုင်း ခရီးသွားလာသူများထံမှ သိရသည်။

    မောတောင်မြို့တွင် ယနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး မောတောင်-တနင်္သာရီ-မြိတ်လမ်းပိုင်းကို စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ထားမှုကြောင့် မြို့ခံများ၊ စစ်ဘေးတိမ်းရှောင်လိုသူများ ကော့သောင်းမြို့ဘက်ကို သွားရောက်ပြီးမှသာ လိုရာခရီးသို့ သွားလာနေရသည်ဟု သိရသည်။

    လုံခြုံမှုမရှိသည့် မောတောင်မြို့အတွင်းမှ ထွက်ခွာလိုသူများ အဆိုပါလမ်းပိုင်းကို ပွဲစားအကူအညီဖြင့် သွားလာနေရပြီး ကားခဈေးနှုန်းကို ဘတ်နှစ်သောင်းအထိ သတ်မှတ်ခံထားရသည်။

    ပုံ- Mawtaung Border Trade Chamber of Commerce

    မောတောင်မြို့ခံအမျိုးသားတစ်ဦးက “ လမ်းတွေ ပိတ်ထားကြတယ်။ ဒါကြောင့် အဲဒေသဘက်ကို ပြောင်းရွှေ့ချင်တဲ့ သူတွေက ကော့သောင်းမြို့ဘက်ကို အရင်လာရတယ်။ လာရဖို့ကလည်း သာမန်ကားပဲဆို မရဘူး။ ပွဲစားကားလိုမျိုး ငှားကြရတယ်။ မောတောင်ကနေ ကော့သောင်းအထိကို ဘတ်နှစ်သောင်း ပေးရတယ်။ အဲဘတ်နှစ်သောင်းက လူတစ်ယောက်စားအတွက်ပဲနော် ” ဟု ပြောသည်။

    ကော့သောင်းမှတစ်ဆင့် လိုရာခရီး ဆက်လက်ထွက်ခွာနိုင်ရန် သွားမည့်ယာဉ်အမျိုးစားအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ထပ်မံပေးဆောင်ရကြောင်းလည်း သူက ဆက်ပြောသည်။

    မောတောင်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန်မှစ၍ ဒေသခံ ၃၀၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ်၊ မောတောင်-ဆင်ခွန်း နယ်စပ်မျဉ်းအနီးတွင် တိမ်းရှောင်နေကြပြီး ထိုင်းအာဏာပိုင်များမှ စစ်ဘေးရှောင်များကို အချိန်သတ်မှတ်ကာ နောက်ဆုံးထား နေရပ်ပြန်ခိုင်းနေသဖြင့် နိုဝင်ဘာ ၂၄ ရက်မှစ၍ စစ်ဘေးရှောင်များ မြန်မာပြည်ဘက်ခြင်း စတင်ပြောင်းရွှေ့ခဲ့ရသည်။

    ငွေကြေးမတတ်နိုင်သူများ မောတောင်မြို့တွင် ဆက်လက်နေထိုင်နေရပြီး ငွေကြေးအင်အားရှိသူများ ထိုင်းနိုင်ငံအပြင် မြိတ်၊ တနသာၤရီဘက်သို့ ပွဲစားများအကူအညီဖြင့် ထွက်ခွာတိမ်းရှောင်နေကြကြောင်းလည်း ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသူတစ်ဦးက ပြောသည်။

    “ ပြေးစရာလမ်း မရှိဘူးလေ။ တိုက်ပွဲဖြစ်တုန်းကတော့ ထိုင်းနယ်စပ်ဘက်ကို ပြေးသွားကြရတယ်။ ပြီးခဲ့ရက်ကလည်း မောတောင်ကို ဝင်လာတဲ့သူတွေ နည်းနည်းရှိလာတယ်။ ကျေးရွာဘက်မှာ တိမ်းရှောင်နေတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒီစစ်ရှောင်တွေအတွက်ကို ထိုင်းဘက်ကရော၊ အခြားစစ်ရှောင်ကူညီရေးအဖွဲ့မျိုးစုံက အကူအညီလာပေးနေတာ ရှိတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ အဆက်အသွယ်ကောင်းတဲ့လူတွေက မနေကြပါဘူး။ ထိုင်းဘက်နဲ့ တခြားဒေသဘက်ကို ပြေးရှောင်နေကြတုန်းပဲ” ဟု အထက်ပါ စစ်ဘေးရှောင်က ပြောသည်။

    လက်ရှိတွင် မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်ခိုက်သိမ်းပိုက်ထားသည် ဆိုသော်လည်း စစ်ကော်မရှင်ဘက်က တနင်္သာရီဒေသနှင့် ထိုင်းနယ်စပ်ဒေသရှိ တပ်စခန်းများမှ စစ်ကြောင်းများ လွှတ်လာနေသလို လေယာဉ်ဖြင့်လည်းကင်းထောက်ပျံဝဲနေသည့်အတွက် တိုက်ပွဲအခြေအနေငြိမ်သက်ခြင်း မရှိသေးပေ။

    မောတောင်မြို့တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ (၄) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့က မောတောင်မြို့ရှိ စစ်ကော်မရှင်တပ်ရင်းနှင့် စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks