Wednesday, March 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအကျဉ်းသား ၂၆၀ ကျော် ထပ်မံလွတ်မြောက်လာ

    နိုင်ငံရေးအကျဉ်းသား ၂၆၀ ကျော် ထပ်မံလွတ်မြောက်လာ

    -

    မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင် ၁၁ ခုမှ နိုင်ငံရေးအကျဉ်းသား ၂၆၈ ဦးကို စစ်ကော်မရှင်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထပ်မံလွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်သည်။

    သာယာဝတီအကျဉ်းထောင်မှ စုစုပေါင်း ၈၃ ဦးဖြင့် အများဆုံးလွတ်မြောက်လာပြီး ဒိုဥ်ဦး အကျဥ်းထောင်မှ ၅၀ ဦး၊ အိုးဘိုထောင်မှ ၄၂ ဦး အင်းစိန်ထောင်မှ ၃၂ ဦး လွတ်မြောက်လာသည်။

    လွတ်မြောက်လာသူများအနက် ပုဒ်မ ၅၀၅(က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) တို့ဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ၅၀၅ (က) ၅၀ (ည) ဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် အဆိုတော်သံသာဝင်းတို့လည်း ပါဝင်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

    PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးမှ “လွတ်မြောက်လာတဲ့ သူတွေက ပြောရမယ်ဆိုရင်တော့ ဒီ ၅၀၅ နဲ့ တခြားအမှုတွေ တွဲပြီး တရားစွဲခံထားရသူတွေလို့ပြောလို့ရပါတယ်။ စစ်ကောင်စီက ၅၀၅ တွေကို လျော့ပေးလိုက်တော့ သူတို့အနေနဲ့က ထောင်ကျနေတဲ့နှစ်တွေနဲ့ပြန်ပြီး နှုတ်လိုက်တဲ့အခါမှာ လွတ်ဖို့က သိပ်မလိုတော့ဘူး ဖြစ်သွားတယ်။ တဘက်မှာလည်းသူတို့ အခု ၅၀၅ ဖျက်လိုက်တာဆိုရင်လည်း ရွေးကောက်ပွဲမှာ အားဖြည့်ဖို့ပဲလေ။ အခုက နောက်ဆက်တွဲ ဆက်လွှတ်တဲ့သဘောပါပဲ”ဟု ဆိုသည်။

    ယမန်နေ့ လွတ်မြောက်လာသူများတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းအကျဉ်းထောင်တွင် ဖောက်ခွဲပုဒ်မ ၅ ဖြင့် ဖမ်းဆီးခံထားရသည့် မြတ်မင်းသူ၊ ခန့်မင်းကိုနှင့် သွင်ကိုကိုဇော်တို့လည်း ပါဝင်ခဲ့သည်။

    ၂၀၂၁ ခုနှစ်တွင် စတင်ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်ၞ ဖောက်ခွဲမှု ပုဒ်မ ၅ ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချခံထားရသူများဖြစ်သည်။

    စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရေး ပုဒ်မ ၅၀၅- က ဖြင့် ထောင်ချခံထားရသူ ၇၂၄ ဦးကိုပြန်လွှတ်ပေးကာ ၅၀၅-က ဖြင့် အမှုဖွင့်ထားသူများကိုလည်း အမှုပိတ်သိမ်းခဲ့သည်။

    သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ စစ်အုပ်စုမှာ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ယခုကဲ့သို့ တသုတ်ဆီ ခွဲလွှတ်နေခြင်းမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုသည်။

    နိုင်ငံတကာကလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုနေသော်လည်း စစ်ကော်မရှင်က လျစ်လျူရှုထားဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks