ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲကြောင့် ရာမညနိကာယ သာသနပါလ မွန်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး တိုက်ပွဲအခြေအနေများကြောင့် မပြုပြင်နိုင်သေးကြောင်း ကျောင်းထိုင်ဆရာတော်မှ ပြောပြချက်အရ သိရသည်။
မောတောင်မြို့ရှိ စစ်ကော်မရှင်၏ ခြေလျင်တပ်ရင်း ၂၂၄ နှင့် အမြောက်ကုန်းစခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် တပ်မဟာ (၄) တပ်ရင်းနှင့် တော်လှန်ရေးပူး ပေါင်းတပ်တို့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာမှ ပြင်းထန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့်ကာလအတွင်း မောတောင်နယ်စပ်ရှိ စစ်ကော်မရှင်တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မောတောင်မြို့ရှိ နေအိမ်အချို့အပြင် ရာမညနိကာယ သာသနပါလ မွန်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ရာမညနိကာယ သာသနပါလ ကျောင်းထိုင်ဆရာတော်က IMNA သို့ မိန့်ကြားသည်။

“ဆွမ်းစားကျောင်းဆောင်က အကုန်ပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းသစ်ထပ်ကလည်း မှန်တွေ အကုန်အက်ကွဲသွားတယ်။ တံခါးတွေ၊ ပြတင်းပေါက်တွေ အကုန်လုံးလည်းပျက်စီးသွားကုန်တယ်။ ဆွမ်းစားကျောင်းဆောင်မှာရှိတဲ့ ထိုင်းနိုင်ငံက ပင့်လာတဲ့ ဘုရားစေတီတစ်ဆူလည်း မီးလောင်ကျွမ်းကုန်တယ်။ တခြားဘုရားတွေကလည်း
ခေါင်းပြတ်ထွက် ပျက်စီးသွားတာရှိတယ်"ဟု မိန့်သည်။
တိုက်ပွဲပြန်လည်ပြင်းထန်သည့်အခြေအနေရှိသည့်အတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် အဆင်မပြေသေးကြောင်းနှင့် အကူအညီတောင်းခံမှုများလည်း မလုပ်ဆောင်သေးကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ၄ ရက်အကြာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မောတောင်မြို့ရှိ စစ်ကော်မရှင်စခန်းအလုံးစုံအား တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လာခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်နှင့် ကျေးရွာဘက်များသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မောတောင်ဒေသခံအချို့ ထိုင်းအာဏာပိုင်များမှ နေခွင့်မပြုတော့၍ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြသော်လည်း စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးခြင်း၊ လေယာဉ်ဖြင့် ကင်းလှည့်ပျံသန်းခြင်းနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သတိဝိရိယဖြင့် နေထိုင်နေကြသည်ဟု ဆိုသည်။

“ အခု ထိုင်းနယ်စပ်ဘက်မှာ တိမ်းရှောင်နေတဲ့လူတချို့က ပြန်ဝင်လာနေကြပေမဲ့ တိုက်ပွဲဖြစ်ရင် ပြေးဖို့အထုပ်အပိုးတွေ ပြင်ထားကြရတယ်။ စစ်တပ်ဘက်ကလည်း အခုထိစစ်ကြောင်းထိုးလာနေတော့လေ။ ပြီးတော့ ဒီဘက်အဖွဲ့ကလည်း အခုထိ ခံပစ်နေကြတုန်းပဲ။ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး အခုထိက နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေ ရှိနေသေးတယ်။ အဲကြောင့်သတိနဲ့ နေနေကြရတယ်။ စစ်တပ်ဘက်ကတော့ လေယာဉ်တွေနဲ့ ကင်းလှည့်နေတယ်။ စစ်ကြောင်းတွေလည်း ထိုးလာနေသေးတော့ ယုံကြည်စိတ်ချတဲ့ အခြေအနေမဟုတ်သေးလို့လေ” ဟု ဆရာတော်က မိန့်သည်။
ထိုင်း-မြန်မာနယ်စပ်နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ တိမ်းရှောင်နေသူများစွာ ကျန်ရှိနေသေးပြီး တိမ်းရှောင်နေစဉ် စစ်ရှောင်ပြည်သူများ၏ နေအိမ်အချို့ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိပစ္စည်းများ ခိုးယူခံရမှုများလည်း ရှိနေသည်။
ယနေ့အထိ မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကော်မရှင်က လမ်းပိုင်းပိတ်ဆို့ခြင်း၊ ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့်
ရမ်းသမ်းပစ်ခတ်ခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲထပ်မံပြင်းထန်လာနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ဒေသခံများက
ပြောဆိုနေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မောတောင်မြို့ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၊ ဒေသတွင်း ကုန်သွယ်ရေးအားလုံး ပြတ်တောက်နေကြောင်းလည်း သိရသည်။
မောတောင်မြို့သည် စစ်ကော်မရှင်တပ်အတွက် နယ်စပ်ကုန်သွယ်ခွန်များ အဓိက ရရှိစေသည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်မြို့လည်း ဖြစ်သည်။


