ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက်ရှိ မင်းလက်ပံဒေသတွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား ဒီဇင်ဘာလ ၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှပ်တပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးများ နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် မဲ့ကိုကင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မြန်မာစစ်ဘေးရှောင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုင်းဘက်သို့ လက်နက်ကြီးကျပြီးနောက် နယ်စပ်ရှိ စက်လှေဂိတ်များကို ထိုင်းဘက်က ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပိတ်လိုက်သည်။

“ဒီကြားထဲမှာ ၇ ဂိတ်၊ ၈ ဂိတ်လောက်ရှိတယ်။ အကုန်ပိတ်လိုက်တာပေါ့။ မြဝတီရဲ့ တောင်ဘက်ကြောက လှေဆိပ်တွေပဲ။ လောလောဆယ်တော့ လုံးဝ ကူးမရတော့ဘူးပေါ့” ဟု မင်းလက်ပံဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။
လူနှင့် ပစ္စည်းများ ကူးနေသော စက်လှေဂိတ်များကို ပိတ်ထားလိုက်ပြီး အမှတ် (၁) ချစ်ကြည်ရေး တံတားတခုတည်းကိုသာ ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။
မင်းလက်ပံကျေးရွာရှိ တရုတ်နိုင်ငံသားများ ဦးစီးလုပ်ကိုင်သော အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) အလုပ်ဆိုက်တခုကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ဝင်ရောက်စီးနင်းပြီး အလုပ်သမားများ၊ အဆောက်အဦးများနှင့် ပစ္စည်းများ ထိန်းသိမ်းလိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က မင်းလက်ပံကျေးရွာဘက်ကို ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
“လေယာဉ်တွေလည်း ပါတယ်။ အခုက ရွာထိပ်မှာပဲ ရှိသေးတယ် တိုက်ပွဲက။ မြို့ထဲမှာ တချို့တော့ ဒေသခံတွေ ရှိနေသေးတယ်။ သူတို့က အခုဆို အင်အားထောင်ချီ သုံးနေတာ။ စစ်ကြောင်းက ၃ ကြောင်းပါတယ်။ ဒီမှာပြောနေတာကတော့ စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို သူတို့ရှင်းမယ် KNLA ကို ပေးမလုပ်ချင်တဲ့သဘောပေါ့။” ဟု KNLA နှင့် နီးစပ်သူက ပြောဆိုသည်။
စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက်မှုကြောင့် ထိုင်းဘက်မှ သတိပေး ပြန်လည်ပစ်ခတ်မှုများလည်း ရှိခဲ့သည်။


