မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်၊ မွန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသတွေရဲ့ သဘာဝလက်ဆောင် ဘိုးဘွာအမွေဒီရေတောတွေဟာ လက်ရှိကာလမှာတော့ စစ်ပွဲတွေရဲ့ အလယ်မှာ ထိမ်းသိမ်းမှုမဲ့ပျက်စီးလာနေပါတယ်။
ကမ္ဘာမြေရဲ့ အဖိုးတန် အပြာရောင်ကာဗွန်သိုလှောင်ရုံတွေနဲ့ ကမ်းရိုးတန်းဒေသရှိ လူဦးရေ ငါးသန်းကျော်ရဲ့ အသက်သွေးကြောဖြစ်ခဲ့တဲ့ သဘာဝအမွေအနှစ် ဒီရေတောတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ စနစ်တကျ စောင့်ကြည့်ထိန်းသိမ်းသူမဲ့ ဖြစ်လာနေတာပါ။
အာဏာပိုင်တွေ၊ ဒီရေတောထိန်းသိမ်းရေးအဖွဲ့တွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ကွင်းဆင်းလှုပ်ရှားမှုတွေ ရပ်တန့်သွားတာနဲ့ ဥပဒေမဲ့ သစ်ခုတ်ယူမှုတွေကြောင့် ဒီရေတောပြုန်းတီးမှုနှုန်းကို အဆမတန်မြင့်တက်စေခဲ့ပြီး ဒေသခံတနေ့လုပ်တနေ့စားတွေရဲ့ စီးပွားရေးကိုလည်း ပြင်းထန်စွာထိုးနှက်နေပါတယ်။
အဲဒီအပြင် စစ်ရေးတင်းမာမှုတွေကြားက ဒီရေတောတွေရဲ့ အနာဂတ်၊ ရှားပါးမျိုးစိတ်တွေအပါအဝင် ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ ရှင်သန်မှုနဲ့ ကမ်းရိုးတန်းဒေသရှိ လူသားတွေရဲ့ဘေးကင်းလုံခြုံရေးဟာလည်း စိုးရိမ်စရာဖြစ်လာပါတယ်။
ဒီရေတောတွေရဲ့ အရေးပါပုံ
ကမ္ဘာပေါ်မှာ ဂေဟစနစ်များစွာရှိတဲ့အနက် ကာဗွန်အများဆုံး စုပ်ယူထားနိုင်တဲ့ ဒီရေတောဂေဟစနစ်ဟာ Climate Change လို့ပြောနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းညှိရာမှာ အရေးပါဆုံးဖြစ်ပါတယ်။

ဒီရေတောတွေဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ မြေပြိုကျမှု၊ ရေတိုက်စားမှု၊ မုန်တိုင်းတိုက်ခတ်မှု စတဲ့ သဘာဝဘေးရန်တွေကို ကာကွယ်လျှော့ချပေးနိုင်ပြီး ငါး၊ ပုဇွန်၊ ဂဏန်း စတဲ့ ရေသယံဇာတတွေနဲ့ ဇီဝမျိုးစုံမျိုးကွဲပေါင်းများစွာရဲ့ ရှင်သန်ကျက်စားရာ နေရာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ပဋိပက္ခဒဏ်ခံရတဲ့ ကမ်းရိုးတန်းဒေသတွေက ဒီရေတောတွေဆုံးရှုံးမှုဟာ ဒေသဂေဟစနစ်နဲ့ လူမှုဝန်းကျင်အပေါ် ရေရှည်ဆိုးကျိုးတွေ သက်ရောက်စေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက သတိပေးနေကြပါတယ်။
ဒီရေတောတွေရဲ့ကာဗွန် သိုလှောင်နိုင်စွမ်း (Blue Carbon) လျော့ကျသွားတာကြောင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ပိုမိုခံရနိုင်ခြေမြင့်မားလာပြီး ပဋိပက္ခဒဏ်ခံရတဲ့ နေရာတွေမှာ ဒီရေတော ဆုံးရှုံးနှုန်းဟာ ပုံမှန်ထိန်းသိမ်းထားတဲ့ ဒေသတွေထက် ၃ ဆ မှ ၅ ဆအထိ ပိုမိုမြန်ဆန်နေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ဒီရေတော ထိန်းသိမ်းမှု ကင်းမဲ့လာတဲ့ အကြောင်း
မြန်မာနိုင်ငံမှာ ၁၉၇၀ ပြည့်နှစ်မတိုင်မီက ကမ်းရိုးတန်းဒီရေတောဧရိယာ ၇၈၅,၀၀၀ ဟက်တာ (Hectares) လောက် ရှိခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ တစ်နှစ်ကို ၁၄,၆၁၉ ဟက်တာ ၂ဒသမ၂ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ (Estoque et al) ၂၀၁၈ ရဲ့ သိပ္ပံသုတေသနစာတမ်းနဲ့ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ကိုးကားဖော်ပြချက်တွေအရ သိရပါတယ်။
အဲဒီအပြင် ၂၀၁၄ နောက်ပိုင်း မြန်မာ့ဒီရေတော ဆုံးရှုံးမှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်တွေ အစောပိုင်းကထက် ၄၄ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ပြီး ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ် ကာလတွေမှာလည်း ဧရာဝတီ၊ ရခိုင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ ဆက်ပြီးဆုံးရှုံးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ Global Mangrove Watch (GMW)အဖွဲ့က သိရပါတယ်။
ဒီနှုန်းတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ နိုင်ငံတကာပံ့ပိုးမှုတွေကြောင့် တည်ငြိမ်မှုတရပ်ကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ် ကာလတွေက ဧရာဝတီ၊ ရခိုင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ တရားမဝင်ခုတ်ယူမှုနဲ့ လယ်ယာမြေ တိုးချဲ့မှုတွေကြောင့် ဆက်လက်ဆုံးရှုံးတာတွေ ရှိနေဆဲလို့ ဆိုပါတယ်။
ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ တည်ငြိမ်မှုတွေဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုံးဝ ပြောင်းပြန်လှန်သွားခဲ့တာတွေ့ရပါတယ်။
” အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးလာတာနဲ့အမျှ တရားဥပဒေစိုးမိုးမှုနဲ့ သစ်တောဌာနရဲ့ စောင့်ကြည့်မှုတွေ ပျက်ပြားသွားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူတွေက လိုအပ်ချက်ကြောင့်ဖြစ်စေ၊ အခွင့်အရေးယူပြီးဖြစ်စေ တရားမဝင် ထင်းခုတ်ယူမှုတွေ၊ ပုစွန်ကန် တိုးချဲ့မှုတွေကို အလွယ်တကူ လုပ်ဆောင်လာကြပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
ပဋိပက္ခနောက်ဆက်တွဲ စစ်အုပ်စုရဲ့ ပိတ်ဆို့ဖြတ်တောက်မှုဗျူဟာအရ လျှပ်စစ်မီးပြတ်တောက်နေမှုနဲ့အတူ ထင်း၊ မီးသွေး လိုအပ်ချက်အတွက် ဒီရေတောတွေကို အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းတာနဲ့ ငါး၊ ပုစွန် မွေးမြူရေးကန်တွေ၊ ဆည်လုပ်ငန်းတွေ တိုးချဲ့တည်ဆောက်လာတာဟာ ဒီရေတောပြုန်းတီးမှုကို အဓိက ဖြစ်ပေါ်စေနေတာပါ။
အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခအကျိုးဆက်မှာ ဒီရေတော ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ချက်ချင်းပျက်စီးစေပြီးတော့ ဂေဟစနစ်ပျက်ယွင်းမှုက လူမှုဝန်းကျင်နဲ့ ပဋိပက္ခတွေကို ပိုပြီးရှုပ်ထွေးစေတယ်လို့ ဦးဝင်မျိုးသူက ထောက်ပြပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒီရေတောထိန်းသိမ်းမှုတွေ ရပ်ဆိုင်းတာ၊ နိုင်ငံတကာရဲ့ ရန်ပုံငွေနဲ့ နည်းပညာအထောက်အပံ့တွေ ပြတ်တောက်သွားတဲ့အထိ ဖြစ်ပေါ်နေပါတယ်။
မြေဧကအမြောက်အများနဲ့ ဒီရေတော ထူထူထဲထဲ စိုက်ပျိုးတဲ့ မုတ္တကွေ့တစ်လျှောက်နဲ့ မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အပင်တွေ လျော့နည်းလာနေတယ်လို့ ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ ဒီရေတောက ဒီဘက်မှာက မရှိသလောက်ဖြစ်နေပြီး ထိန်းသိမ်းမဲ့သူတွေလည်း မရှိတော့ဘူး။ တချို့တွေက နိုင်ငံခြားထွက်ကုန်ပြီ။ ထိန်းသိမ်းနေတဲ့အဖွဲ့တွေက မရှိတော့ဘူး။ ဘယ်သူမှလည်း မလုပ်ကြတော့ဘူး” လို့ သူက ပြောပါတယ်။
မုတ္တမပင်လယ်ကွေ့ရဲ့ သစ်တောဂေဟစနစ်မှာဆိုရင် ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ခြောက်သွေ့တော၊ အထက်ရွက်ပြတ်ရောတောခြောက်၊ အမြဲစိမ်းတော၊ ဒီရေတောတွေ ရှိပါတယ်။
မွန်ပြည်နယ်မှာဆိုရင် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့က နှစ်စဉ်မိုးဦးရာသီမှာ ဒီရေတောအပင်အပါအဝင် အရိပ်ရအပင် ၂,၀၀၀ ဝန်းကျင်ကို ချောင်းဆုံဒေသမှာ စိုက်ပျိုးလေ့ရှိပေမဲ့ ပြန်လည်ထိန်းသိမ်းတဲ့ စီမံကိန်းတွေ လုပ်ဆောင်တာမရှိတာကြောင့် ထိရောက်မှုမရှိဘူးလို့လည်း ဒေသခံတွေက ဝေဖန်ပါတယ်။

ဒါ့ကြောင့် ပေါင်မြို့နယ်မှာဆိုရင် သဘာဝဘေးအန္တရာယ်တွေအဖြစ် လေဆင်နှာမောင်း တိုက်ခတ်မှုဒဏ်ကို ဒေသခံတွေ ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပြီး အိမ်ထောင်စု ၁၀၀ ကျော် လေဘေးသင့်ခဲ့ရသလို သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
မွန်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ ကိုဗစ်နဲ့ စစ်အာဏာမသိမ်းခင်ကာလက စိုက်ပျိုးထားတဲ့ ဒီရေတောအပင်တွေ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (Community Forest- CF) မြေနေရာတွေ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတာအပြင် စိုက်ပျိုးထားတဲ့ အပင်တွေလည်း လျော့နည်းလာပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ဒေသလည်း အပါအဝင်ဖြစ်ပါတယ်။
ရခိုင်ပြည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ ရှိ ဒီရေတောဆုံးရှုံးမှုရဲ့ အဓိကအကြောင်းရင်းတွေမှာ မြေယာပိုင်ဆိုင်မှု မရှင်းလင်းမှု၊ ပုစွန်ကန်၊ စပါးခင်းတွေ တိုးလာတာ၊ ထင်းခုတ်တာအပြင် ပဋိပက္ခရဲ့ အကျိုးဆက်တွေကြောင့်လည်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲ ပေါက်တောနဲ့ မြေပုံမြို့နယ်တွေမှာလည်း သတ်မှတ်ကာလအတွင်း ၂၂ရာခိုင်နှုန်း မှ ၄၃ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရမ်ဆာရေဝပ်ဒေသ Ramsar site ကဲ့သို့သော ကာကွယ်ထားထိန်းသိမ်းထားတဲ့ နေရာတွေကိုသွားလို့ မရတဲ့အတွက် ထိန်းသိမ်းရေး လုပ်ငန်းတွေ ရပ်တန့်စေပြီး တရားမဝင် သားငါးဖမ်းဆီးတာနဲ့ နေထိုင်ရာ ပျက်စီးတာတွေဖြစ်စေခဲ့တယ်လို့ ရခိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ဒေသမှာ ဒီရေတောတွေ အများကြီးပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီရေတောတွေကို စိုက်ပျိုးရေးနဲ့ အစားထိုးခြင်းနှုန်းဟာ ဧရာဝတီတိုင်းထက် ရခိုင်မှာ ပိုမိုများပြားနေပြီး သူတို့ဟာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်တွေနဲ့ ထိန်းသိမ်းရေးမူဝါဒတွေကြား မပြေလည်နိုင်တဲ့ ပဋိပက္ခကို ဖြစ်ပေါ်စေတယ်လို့ UN-REDD ရဲ့ ၂၀၁၇ ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီရေတော ပြုန်းတီးလာမှုနဲ့ အကျိုးဆက်
သစ်ပင်သစ်တောနဲ့ ဒီရေတောတွေ ပြုန်းတီးလာမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် အပူချိန်မြင့်တက်တာ၊ ၊ မိုးခေါင်ရေရှားတာ၊ ငါးသယံဇာတရှားပါးတာ၊ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေကိုပင် ရင်ဆိုင်လာကြရပါတယ်။
လက်ရှိမှာ Climate Change ရာသီဥတု ဖောက်ပြန်မှုတွေနဲ့အတူ ဒီရေတော ပြုန်းတီးလာမှုတွေကြောင့် ငါး၊ ပုဇွန်တွေ ရှားပါးလာတယ်လို့ ရေလုပ်ငန်းနဲ့ နှစ်ပေါင်း ၁၀ ကျော် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အသက် ၄၅ နှစ် အရွယ် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ရေလုပ်သား တစ်ဦးက ပြောပါတယ်။
“ ငါးတွေက ရှားလာတယ်။ ရှာစားသူက များတယ်။ ငါးတွေက မျိုးပြုန်းသလို ဖြစ်လာတယ်။ ဆိုတော့ စားဝတ်နေရေးက ငတ်လိုက် မွတ်လိုက် ဒီလိုပဲ ရှာ စားနေရတာပဲ။ အဆင်မပြေရင် ချေးငှားပြီး စားတယ်။ အဆင်ပြေရင် ဆပ်လိုက်တယ်။ ချေးငှားလိုက် ပြန်ဆပ်လိုက်နဲ့ စားနေရတာပဲ” လို့ သူက ပြောဆိုပါတယ်။
အရင်က ငါးဖမ်းပိုက်နဲ့ သုံးရက် တစ်ကြိမ် ငါးဆွဲရင် ငါး ၁၂ ပိဿလောက်ရခဲ့ပေမယ့် လက်ရှိမှာ ၄ ပိဿကျော်သာ ရရှိတော့တယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ ဒီရေတော ပြုန်းတီးလာမှုနဲ့ ငါးသယံဇာတတွေ ရှားပါးလာမှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ တနေ့လုပ်တနေ့စားရေလုပ်သားတွေရဲ့ နေ့စဉ်စားဝတ်နေရေးကို ရိုက်ခတ်မှုတွေအထိ ရှိလာနေတာပါ။
“ ငါးတွေကလည်း အရင်လို သိပ်မရတော့ဘူး။ အရင်ဆိုရင် ငါး ဆယ်ပိဿလောက်ရရင် အခုက တစ်ပိဿလောက်တောင် မရတော့ဘူး။ ရေသယံဇာတတွေ ဆုတ်ယုတ်လာလို့ ပြောရမယ်။ အရင်လို ငါး ဈေးကွက်လည်း မရှိဘူး။ အခုက စားဝတ်နေရေးတောင် အနိုင်နိုင်ဖြစ်နေကြတယ်” လို့ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က ရေလုပ်သားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် အချိန်အခါမဟုတ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းက မြေပဲ၊ ပြောင်း၊ ငရုပ်၊ ခရမ်း၊ သခွားနဲ့ ဖရဲ စတဲ့ ဆောင်းသီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ဆောင်းသီးနှံ အဓိက စိုက်ပျိုးတဲ့ မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသမှာလည်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေပဲစိုက်ခင်းတွေဟာ မှိုတက်ပြီး ပိုးကျပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ လေညင်းတောင်ကျေးရွာက တောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” ပုံမှန်ဆို ဝါကျွတ်ရင် မိုးက မရွာတော့ဘူး။ အခုက တန်ဆောင်တိုင် လကုန်တဲ့ အထိ ရွာခဲ့တယ်။ ဆိုတော့ ပျက်စီးမှု များတာပေါ့” သူက ဆိုပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်တောတွေထက် ငါးဆအထိ ပိုမိုစုပ်ယူနိုင်တဲ့စွမ်းရှိတဲ့ ဒီရေတောတွေ ဆုံးရှုံးမှုဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစနစ်ကို လူသားတွေ ကိုယ်တိုင် ဖျက်ဆီးလိုက်တာနဲ့ အတူတူဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက ထောက်ပြထားပါတယ်။
” ရခိုင်ဒေသလို မုန်တိုင်းဘေး ကျရောက်နိုင်တဲ့ နေရာတွေမှာ ဒီရေတောတွေ ဆုံးရှုံးသွားတဲ့အခါ ကာဗွန်တွေ လေထုထဲ ပြန်ရောက်ပြီး ရာသီဥတုပြောင်းလဲမှုကို ပိုဆိုးစေရုံသာမက၊ ကမ်းရိုးတန်း ဒေသခံရွာတွေဟာ မုန်တိုင်းဒဏ်ကို သိသိသာသာ လျော့ကျသွားတဲ့ ခံနိုင်ရည်ရှိမှုဖြင့် တိုက်ရိုက်ရင်ဆိုင်ကြရပါတယ်။ ဒါဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစနစ်ကို ကိုယ့်ဖာသာဖျက်ဆီးပစ်လိုက်တာနဲ့ တူတူပါပဲ” လို့ သူက ဆိုပါတယ်။
ဒီရေတောဆုံးရှုံးမှုဟာ ရခိုင်ကမ်းရိုးတန်းရဲ့ မုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိမှု သိသိသာသာလျော့ကျ စေခဲ့ပြီး ကမ်းရိုးတန်းဒေသရှိရွာတွေဟာ သဘာဝအတိုင်း ဒီရေတောတွေရဲ့ ကာကွယ်မှု မရှိတော့တာကြောင့် သဘာဝဘေးအန္တရာယ်တွေကို တိုက်ရိုက်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီရေတော ထိန်းသိမ်းရေး မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေဟာလည်း လက်နက်ကိုင်ပဋိပက္ခတွေကြား ကမ်းရိုးတန်းဒေသတွေမှာ ဒီရေတောတွေကို ထိန်းသိမ်းဖို့ အခက်အခဲစိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
” လက်ရှိမှာတော့ ကွင်းဆင်းလုပ်ငန်းတွေ အားလုံးနီးပါးကို သိသိသာသာ လျှော့ချလိုက်ရပါတယ်။ အဓိကအားဖြင့် လုပ်နိုင်တာက ဒေသခံအခြေပြုကွန်ရက်တွေနဲ့ ဆက်သွယ်ပြီး အဝေးကနေ စောင့်ကြည့်တာ၊ ဖုန်းနဲ့ သတင်းအချက်အလက်တွေ ရယူတာနဲ့ အွန်လိုင်းကနေ အသိပညာပေးမှု တချို့ကို ဆက်လုပ်နေတာပဲ ရှိပါတယ်။ လုံခြုံရေးအရ တစ်နေရာတည်းမှာ စုပေါင်းပြီး ပြန်လည်စိုက်ပျိုးတာမျိုးတွေ လုံးဝ မလုပ်နိုင်သေးဘူး” လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရခိုင်၊ မွန်၊ ဧရာဝတီ ဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လုံခြုံရေး အာမခံချက် မရှိတာ ဝင်ထွက်သွားလာခွင့် ကန့်သတ်ချက်တွေနဲ့ စီမံကိန်းတွေအတွက် ရန်ပုံငွေရှားပါးတာတွေကြောင့် ထိန်းသိမ်းရေးလုပ်နေတဲ့အဖွဲ့တွေဟာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
စစ်ရေးလှုပ်ရှားမှုပြင်းထန်တဲ့ ကမ်းရိုးတန်းဒေသတချို့မှာ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကွင်းဆင်းလုပ်ဆောင်ဖို့ လုံးဝ မဖြစ်နိုင်သေးတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဟာ ပိုမိုများပြားလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေတဲ့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“ ပဋိပက္ခကြားကာလမှာ ခွင့်ပြုချက်မရှိဘဲ ခုတ်ယူမှုနဲ့ သယံဇာတ ထိခိုက်မှုတွေဟာ အရင်ကထက် ပိုမိုများပြားလာတယ်ဆိုတဲ့ သတင်းတွေကို ဒေသခံကွန်ရက်တွေကနေ ရရှိထားပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက လုံခြုံရေးအခြေအနေကြောင့် စစ်ဆေးရေးလုပ်ငန်းတွေ လုံးဝ မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ပျက်စီးဆုံးရှုံးမှု အတိအကျကို အတည်မပြုနိုင်တာက အကြီးမားဆုံး စိတ်ပူပန်မှုပါ” လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာတွေ၊ မီးရှို့တာတွေ၊ စည်းမဲ့ကမ်းမဲ့ ခုတ်ယူတာတွေကြောင့် ပျက်စီးသွားတဲ့ ကမ်းရိုးတန်း ဒီရေတော စုစုပေါင်းဧရိယာရဲ့ ၅ရာခိုင်နှုန်းမှ မှ ၁၀ရာခိုင်နှုန်းခန့်အထိ တိုက်ရိုက်ပျက်စီးနိုင်တယ်လို့ ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
ဒီရေတောနဲ့ အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ဒေသန္တရ အုပ်ချုပ်ရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေးဟာ ရှုပ်ထွေးနက်နဲတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်လည်း ရခိုင်က ဆယ့်လေးမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ သူတို့ ထိန်းချုပ်ထားတဲ့မြို့တွေမှာ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေကို ကာကွယ်ဖို့ မူဝါဒတွေနဲ့ စည်းမျဉ်းတွေကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
အာရက္ခတပ်တော်ဟာ ဒီရေတောတွေ အပါအဝင် သစ်တောတွေကို တရားမဝင် ခုတ်ယူတာ၊ မီးရှို့ဖျက်ဆီးတာတွေကို တားဆီးဖို့အတွက် ဒေသအခြေပြု စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်အဖွဲ့တွေလည်း ရှိတယ်လို့ အေအေနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
ဒီရေတောဒေသတွေနဲ့ သစ်တောထွက်ပစ္စည်းသယ်ယူပို့ဆောင်ရာ လမ်းကြောင်းတွေကို စောင့်ကြည့် စစ်ဆေးတာတွေ ရှိနေပြီး စည်းမျဉ်းတွေကို ဖောက်ဖျက်ရင် ဒေသန္တရဥပဒေနဲ့အညီ တင်းကျပ်စွာအရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိ ရခိုင်နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းထားပေမယ့် ဆောင်းပါးရေပြီးအချိန်အထိ အကြောင်းမပြန်သေးပါဘူး။
ဒီရေတောတွေ ရေရှည်တည်တံ့ရေးအတွက် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တိကျတဲ့ မူဝါဒနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။
” ဒေသအတွင်း အုပ်ချုပ်သူတွေက တရားမဝင် သစ်ခုတ်သူတွေကို ထိရောက်စွာ အရေးယူတာ၊ ကျနော်တို့လို ထိန်းသိမ်းရေးအဖွဲ့တွေကို လုံခြုံတဲ့ ဝင်ထွက်ခွင့်ပေးတာတွေကို တာဝန်ယူသင့်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပဋိပက္ခဒဏ်ခံရတဲ့ ဒီလိုဒေသတွေမှာ ဒေသခံအခြေပြု ထိန်းသိမ်းရေးအဖွဲ့တွေကို တိုက်ရိုက်ရန်ပုံငွေ ထောက်ပံ့တဲ့ စနစ်တွေကို ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်” လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုတွေနဲ့ ကင်းဝေးစေဖို့အတွက် ဒီရေတောတွေကို “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြားနေဇုန်” (Environmental Neutral Zone) အဖြစ် သတ်မှတ်ပေးဖို့ကို ဒေသအတွင်း အာဏာပိုင်တွေ အားလုံးကို မေတ္တာရပ်ခံတယ်လို့ သူက ဆိုပါတယ်။
ဒီရေတောတွေကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အထမြောက်နိုင်မှာဖြစ်တယ်လို့ ချောင်းဆုံမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (Community Forest- CF) အဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ အုပ်ချုပ်တဲ့သူအပိုင်းနဲ့ ပြောရမယ်ဆိုရင် စီမံကိန်းကို သူတို့ ကိုယ်တိုင် သေသေချာချာ တိတိကျကျနဲ့ ဦးဆောင်လုပ်မယ်။ ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သွားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ မြင်တယ်။ ဘာလို့လဲဆိုရင် ဘယ်အရာပဲဖြစ်ဖြစ် တစ်ခုခုလုပ်မယ်ဆိုရင် နည်းပညာ၊ ငွေကြေးနဲ့ ဦးဆောင်နိုင်မဲ့သူ ဒါတွေက လိုအပ်တယ်ပေါ့နော်။ ၃ ခုလုံးက အဆင်ပြေမယ်ဆိုရင် ဒါကပြန်ပြီး အကောင်အထည်ဖော်နိုင်မယ်” သူက ဆိုပါတယ်။
ဘယ်လိုပဲ ဆိုပါစေ ဒီရေတောတွေဟာ လူသားတွေနဲ့ ကမ္ဘာကြီးအတွက် အလွန်အရေးပါတဲ့ သဘာဝ ဂေဟစနစ်တစ်ခုအနေနဲ့ အခုရော၊ နောက်နောင်မှာရော ဆက်လက်တည်ရှိနေအုံးမှာဖြစ်ပါတယ်။ တကယ်တော့ ကာဗွန်စုပ်ယူများတဲ့ ဒီရေတောထိမ်းသိမ်းရေးအပါအဝင် Climate Change ကိုရင်ဆိုင်ကြရာ အစိုးတွေ၊LNGOတွေသာမက ပြည်သူတွေရဲ့ ကိုယ်တိုင်ကိုယ်ကျပါဝင်မှုက သော့ချက်ကျလို့နေပါတယ်။
ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဒီရေတောတွေကို လူတစ်ဦးတစ်ယောက်ချင်းကနေ သက်ဆိုင်ရာအာဏာပိုင်တွေအထိ ဒီရေတောတွေရဲ့ အရေးပါမှုကို သိရှိနားလည်ကာ ကာကွယ်ထိန်းသိမ်းသင့်နေချိန်လည်းဖြစ်ပါတယ်။
ဒီရေတောထိမ်းသိမ်းရေး လုပ်ငန်းတွေထဲမှာ ဒေသခံတွေပါဝင် အစုအဖွဲ့ပိုင်သစ်တောထိမ်းသိမ်းရေးလုပ်ငန်းဟာလည်း တခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစုအဖွဲ့ပိုင်သစ်တောထိမ်းသိမ်းရေးနဲ့ပတ်သက်လို့ကတော့ ချောင်းဆုံအစုအဖွဲပိုင်သစ်တော့မှာပါဝင်ခဲ့တဲ့ အောက်ဖော်ပြပါ စကားသံတွေသက်သေပြလို့နေပါတယ်။
လက်ရှိမှာ ဒီရေတောစိုက်ပျိုးရေးနဲ့ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုံး၀ ရပ်နားထားရတဲ့ အခြေအနေ ရှိနေတယ်လို့ ချောင်းဆုံက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (Community Forest- CF) အဖွဲ့ရဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ လုပ်တဲ့ အဖွဲ့အစည်းတွေ၊ ပံ့ပိုးပေးတဲ့သူ ဦးဆောင်တဲ့သူတွေ မရှိတော့ ဆက်လုပ်ဖို့တော့ အဆင်မပြေဘူး။ ဘယ်သူမှလည်း လာပြီးတော့ ဦးဆောင်မယ့်သူ မရှိတော့ဘူး” လို့ သူက ဆိုပါတယ်။
(နတ်သျှင်မေ၊ မင်းထွန်း၊ သော်တာ) ပူးပေါင်းရေးသားသည်။


