Wednesday, March 11, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ် ရင်းငြိမ်ဘူတာတွင် ကျားဖြန့်လုပ်ငန်းပြန်လူ ၁၀၀ ကျော် စစ်ကော်မရှင်ထံ ဖမ်းဆီးခံရ

    ပေါင်မြို့နယ် ရင်းငြိမ်ဘူတာတွင် ကျားဖြန့်လုပ်ငန်းပြန်လူ ၁၀၀ ကျော် စစ်ကော်မရှင်ထံ ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ဘူတာတွင် မြန်မာနိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်ငန်းပြန် နိုင်ငံခြားသား ၁၀၀ ကျော်ကို ယနေ့နိုဝင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်သားနှင့် ပေါင်ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

    ကျားဖြန့်လုပ်ငန်းပြန်လူ ၁၀၁ ဦးတို့သည် ယနေ့နံနက်ပိုင်း၌ ရင်းငြိမ်ဘူတာသို့ အိမ်စီးယာဥ်၊ ဟိုက်ဂျက်ယာဥ်များဖြင့် ရောက်ရှိလာကြောင်းနှင့် ရထားဖြင့် ခရီးဆက်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပေါင်မှစစ်ကော်မရှင်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသူအများစုတွင် ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ပေါင်မြို့နယ်ခန်းမတွင် စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များမှ စစ်ဆေးရေး ပြုလုပ်နေကြောင်း သိရသည်။

    ပုံ- CJ ( ပေါင်တွင် ဖမ်းဆီးခံထားရသည့် ကျားဖြန့်လုပ်ငန်းပြန်များကို တွေ့ရစဥ်)

    “ သူတို့က ရထားစီးပြီး ရန်ကုန် မဟုတ်ရင် ပဲခူးဘက်ကို သွားဖို့။ သူတို့က ရထားလာစီးဖို့ စီစဉ်ထားတာ အားလုံးက ၁၀၁ ဦး၊ အထဲမှာ အမျိုးသမီးက ၃၉ ယောက်ပါတယ်။ အထုတ်အပိုးတွေ၊ သေတ္တာတွေရော ပစ္စည်းတွေအများကြီးနဲ့တွေ့ရတယ်။ စစ်သားတွေရော ရဲတွေရော လာဖမ်းတယ်။ အခုက လဝက နဲ့ ရဲတွေက တစ်ယောက်ချင်းဆီ စစ်ဆေးမှုတွေလုပ်တယ်။ ” ဟု သူက ဆိုသည်။

    မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားခြင်းကြောင့် မည်သို့ပို့ဆောင်သွားမည်ကို မသိရကြောင်းလည်း ဆိုသည်။

    အလားတူ နိုဝင်ဘာ၂၃ ရက်နေ့မှစ၍ ၂၅ ရက်နေ့အထိ ၃ ရက်အတွင်း သထုံမြို့နယ်၌ ကျားဖြန့်လုပ်ငန်းပြန် စုစုပေါင်းလူဦးရေ ၆၀၀ ကျော် ဖမ်းဆီးရမိပြီး ယနေ့အထိ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

    “မနေ့ကလည်း ကိုယ်ပိုင်ကားတွေနဲ့ သူတို့လာတယ်၊ ကားအများကြီးပဲ ဘားအံလမ်း၊ ကျိုက်ထိုလမ်း၊ တံတာလမ်း၊ လမ်းမျိုးစုံကနေ သထုံကိုဖြတ်တာ ကိုယ်ပိုင်ကားတွေနဲ့အများကြီး ဖမ်းမိထားတယ်။ အဲဒါတွေကို စစ်ဆေးနေတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် မွန်နှင့်ကရင်ပြည်နယ်သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကော်မရှင်တပ်ဖွဲ့များမှ စစ်ဆေးရေးတင်းကြပ်ထားပြီး နေ့ညမပြတ် ဖမ်းဆီးမှုများ လုပ်ဆောင်လျှက်ရှိသည်။

    စစ်ကော်မရှင်တပ်ဖွဲ့တို့က မြဝတီနယ်၊ ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)နှင့် လောင်းကစားလုပ်ငန်းများကို နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ပြည်ပနိုင်ငံသား ၁၈၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း စက်ယန္တရားများအသုံးပြုကာ ဖျက်ဆီးခဲ့ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးအချက်အလက်များအရ သိရသည်။

    ထိုကြောင့် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်းစုံမှ လူထောင်ချီသည် နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးနေကြရသည်။

    ကျားဖြန့်လုပ်ငန်းနှင့် ပတ်သတ်၍ ဖမ်းဆီးရမိသူများကို အချက်အလက်နှင့် မှတ်တမ်းကောက်ယူပြီးနောက် သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနေသည်ဟုလည်း စစ်ကော်မရှင် ပြန်ကြားရေးဌာနမှ ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks