spot_img
Wednesday, November 26, 2025
More
    spot_img
    Homeသတင်းအမျိုးသမီးနှင့် မိန်းကလေးငယ်များ ဒီဂျစ်တယ်အကြမ်းဖက်ခံရမှုမှ အဆုံးသတ်ရေး ၁၆ ရက်တာလှုပ်ရှားမှုအတွင်း ဦးစားပေးလုပ်ဆောင်သွားမည်

    အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဒီဂျစ်တယ်အကြမ်းဖက်ခံရမှုမှ အဆုံးသတ်ရေး ၁၆ ရက်တာလှုပ်ရှားမှုအတွင်း ဦးစားပေးလုပ်ဆောင်သွားမည်

    -

    အမျိုးသမီးနှင့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များ နေ့စဉ်အသုံးပြုနေသည့် ဒီဂျစ်တယ်နည်းပညာဖြင့် ခြိမ်းခြောက်ခံရမှု၊ အကြမ်းဖက်ခံရမှုမရှိစေရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးလှုံ့ဆော်မှု ၁၆ ရက်တာတွင် အဓိက နှိုးဆော်လုပ်ဆောင်သွားမည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။

    ယခုနှစ် ၁၆ ရက်တာလှုပ်ရှားမှုအစီအစဉ်တွင် “မိန်းကလေးငယ်များ၊ အမျိုးသမီးများနှင့် ဂျဲန်ဒါမတူညီကွဲပြားသူများအားလုံးအပေါ် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုလျက် အွန်လိုင်း/လူမှုကွန်ယက်များမှ ကျူးလွန်ကြသော အကြမ်းဖက်မှုများအာ အဆုံးသတ်ရန် စည်းလုံးကြဖို့” ဟူသည့် ကြွေးကြော်အသံနှင့်အတူ လှုပ်ရှားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    ယနေ့ခေတ်တွင် အွန်လိုင်းအသုံးပြုသူ တိုးများလာသည်နှင့်အမျှ ဒီဂျစ်တယ်ကိုအခြေခံပြီး၊ အသက်မပြည့်သေးသည့် အမျိုးသမီးများ ခြိမ်းခြောက်ငွေကြေးတောင်းခံမှု၊ လိမ်လည်ဖျားယောင်းမှုအပြင် နည်းလမ်းမျိုးစုံဖြင့်အကြမ်းဖက်မှုကျူးလွန်နေကြောင်း အမျိုးသမီးနှင့်ကလေးသူငယ်အရေးလှုပ်ရှားသူ"မိ"အဖွဲ့မှ ပရိုဂရမ်ဒါရိုက်တာ မိဟံသာထောကပြောသည်။

    ပုံ-IMNA (ယမန်နှစ် ၁၆ ရက်တာ လှုပ်ရှားမှု နယ်စပ်ဒေသတစ်နေရာတွင် ကျင်းပနေပုံ)

    “ဒီကနေ့ဟာ ဒီဂျစ်တယ်ခေတ်ဖြစ်တယ် အကြမ်းဖက်မှုမခံရဖို့ ဘယ်လိုနည်းလမ်းနဲ့ ထိန်းသိမ်းနေထိုင်သင့်တယ်၊ ဘယ်ဟာကို သိသင့်သိထိုက်သလဲ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုကူညီဖေးမသင့်လဲ။ ကိုယ်က ဒီဂျစ်တယ်အကြမ်းဖက်မှုခံနေရတယ်၊ ဒါမဲ့မသိနေဘူး။ ဒါ့ကြောင့် ဒီဂျစ်တယ်အကြမ်းဖက်မှုက ဘာလဲဆိုတာ ဒေသခံတွေကိုပညာပေးဖို့ရယ်၊ နေ့စဉ်နဲ့ အမျှပဲ အကြမ်းဖက်နည်းတွေလည်းမတူဘူး ပိုပြီးထူးခြားလာတယ် နောက်ပိုင်းမှာက စုံလည်းစုံလာတယ်။” ဟု ပြောသည်။

    အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများကို ပုံစံမျိုးစုံဖြင့် ကျူးလွန်လာကြပြီး ဒီဂျစ်တယ်ဖြင့် ကျူးလွန်လာသည့်အပေါ် စိုးရိမ်စရာဖြစ်ကြောင်းလည်း သူမက ဆိုသည်။

    ၁၆ ရက်တာလှုပ်ရှားမှုကို မွန်ဒေသတွင်းအမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် စစ်ကော်မရှင်လက်အောက်ခံမဟုတ်သည့် ရပ်ကျေးတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး၊ တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေများ၊ မွန် ကရင် နယ်စပ်ကျေးရွာများ၊ မြို့ပြနှင့်ဝေးလံခေါင်းဖျားပြီး အမျိုးသမီးများ အကြမ်းဖက်မှုဖြစ်ပွားမှုများသည့်နေရာများတွင် လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

    နိုင်ငံအတွင်းပဋိပက္ခဖြစ်ပွားစဉ် ဒေသခံအချင်းချင်းကြား အကြမ်းဖက်မှုသာမက အာဏာရှိပြီး၊ အင်အားကြီးသည့် လက်နက်ကိုင်ဆောင်သူများ အကြမ်းဖက်မှုများကိုပိုပြီး ကျူးလွန်နေခြင်းကြောင့် လက်နက်ကိုင်ထိန်းချုပ်နယ်မြေ၊ တပ်ရင်းတို့တွင်လှုပ်ရှားမှု လုပ်ဆောင်မည်ဟု မွန်ပြည်ဖယ်ဒရယ် ကောင်စီတရားရေကော်မတီ ယာယီဥက္ကဌ မိသုတဂျော်မှ ပြောသည်။

    “တော်လှန်ရေးတပ်တွေရှိတဲ့ဘက်မှာလည်း တာဝန်ယူနေတဲ့သူတွေလုံခြုံရေးယူနေတဲ့သူတွေလည်း သတိထားနားလည်နိုင်ဖို့ ကောင်းမွန်တဲ့ တပ်တစ်ခုဖြစ်ဖို့အတွက်နှိုးဆော်ဖို့ရှိတယ်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေး ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားတတ်ဖို့တွေ လက်နက်ကိုင်ထားပြီးတော့ ရမ်းကားပြီး အကြမ်းမဖက်ဖို့ ကိုယ်ကျင့်တရားကောင်းလာစေဖို့၊ကျမတို့နိုင်ငံမှာပဋိပက္ခတွေ ဖြစ်ပွားရတဲ့အကြောင်းအရင်းကလေ ၊အကြမ်းဖက်မှု၊ ခွဲခြား၊ နှိမ့်ချဆက်ဆံမှုကနေ ပဋိပက တွေဖြစ်ပွားလာတယ် အခြားနိုင်ငံတွေထက်လည်းပိုပြီးဖြစ်နေတယ် အဲ့ကြောင့် ပိုပြီးလုပ်ဆောင်ရတယ်"ဟု သူမက ပြောသည်။

    နိုင်ငံရေးပဋိပက္ခမတည်ငြိမ်နေဆဲဖြစ်သောကြောင့် တော်လှန်ရေးနယ်မြေဖြစ်စေ၊ တိုင်းရင်းသားနယ်မြေဖြစ်စေ အုပ်ချုပ်သူများမှ ပြည်သူများအကြမ်းဖက်မှုခံရလျှင် တရားမျှတမှုအတွက် ကျောသား၊ ရင်သားမရှိစေဘဲ ဥပဒေအောက်တွင်အရေးယူ၊ အပြစ်ပေးမှုများ လုပ်ဆောင်ရမည်ဟု ၎င်းကဆက်ပြောသည်။

    နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုဟုသတ်မှတ်ပြီး အသိပညာပေးလှုံ့ဆော်မှုနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်လျှက်ရှိသည်။

     ၁၆ ရက်တာလှုပ်ရှားမှုကို ဖဲကြိုးဖြူလှုပ်ရှားမှု ၏ဟူ၍လည်း ခေါ်ဝေါ်ကြောင်း၊ ဖဲကြိုးဖြူတပ်ဆင်ခြင်းအားဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို ဆန့်ကျင်ကြောင်းကို ထုတ်ဖော်ပြောဆိုမည်ဖြစ်ကြောင်း  မိမိကိုယ်တိုင်ကတိပြုခြင်းဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts