spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့တောင်ဘက်က တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံအများအပြား ထွက်ပြေးနေ

    မြဝတီမြို့တောင်ဘက်က တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံအများအပြား ထွက်ပြေးနေ

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာနှင့် အင်ကြင်းမြိုင်ကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွား နေသည့် တိုက်ပွဲကြောင့် ဒေသခံ ငါးရာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က မြဝတီမြို့တောင်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲကြောင့် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ရသေ့ဂူ၊ လေးကေ့ကော်အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာရှိ ကျေးရွာများမှ ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံဘက်ခြမ်း တိမ်းရှောင်ကြသူများ ရှိသလို ရာချီက တောတောင်ထဲတွင် ပိတ်မိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးက လွတ်လပ်သော မွန်သတင်း အေဂျင်စီကို ပြောသည်။

    “တိုက်ပွဲစဖြစ်တဲ့နေ့ မတိုင်ခင်ကတည်းက ရှောင်ကြတာ ရှိသလို တိုက်ပွဲဖြစ်တဲ့ ရက်တွေမှာ ရှောင်ကြတာ ရှိတယ်။ အခုတော့ ထိုင်းဘက် မဲ့ကိုကင်းရွာမှာ ရောက်တဲ့သူရှိတာပေါ့နော်။ မဲဆောက်မှာလည်း ရှိတယ်။ ဒါပေမယ့် သောင်းရင်းမြစ်ကမ်းနားတို့ တောတောင်ထဲမှာတို့ ပိတ်မိနေသူတွေလည်း ၂၀၀၊ ၃၀၀ နီးပါးလောက် ရှိနေသေးတယ်။ ဟိုးအရင်က ရှောင်နေတဲ့ သူတွေနဲ့ ပေါင်းရင်တော့ တထောင်ဝန်းကျင်လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

    ထိုင်းနယ်စပ်ဘက် တိမ်းရှောင်နေသူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အလှူရှင်အများစုက လှူဒါန်းလို့ လွယ်ကူနေသော်လည်း တောတောင်ထဲ ပိတ်မိနေသူများက နေထိုင်စားသောက်ရေး အခက်အခဲ ကြုံနေရကြောင်း ၎င်းက ဆက်ပြောသည်။

    တဖက်တွင်လည်း နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မင်းလက်ပံကျေးရွာအဝင်တွင် လုံခြုံရေးယူပေးနေသည့် ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့မှု ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

    ထို့ကြောင့် မင်းလက်ပံကျေးရွာတွင် လုံခြုံရေးယူပေးနေသည့် DKBA တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် DKBA တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းနှင့်အတူ လက်နက်ခဲယမ်း ရာချီကို သိမ်းဆည်းခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောသည်။

    “အစမှာ စကစ(စစ်ကောင်စီ)စစ်ကြောင်းထိုးလာလို့ သူတို့နဲ့တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲက မင်းလက်ပံရွာဘက်က ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းတွေကို လုံခြုံရေးယူပေးနေတဲ့ DKBA အဖွဲ့က သေနတ်ပစ်တော့ တော်လှန်ရေးဘက် က ဝင်စီးပြီး သူတို့ကို ဝင်ဖမ်းလိုက်တယ်” ဟု ပြောသည်။

    အသေးစိတ်အချက်အလက်ကို KNU အပါအဝင် တော်လှန်ရေးမဟာမိတ်ဘက်က ထုတ်ပြန်ထားခြင်း မရှိသေး ပေ။

    ယခုလို ကျားဖြန့်လုံခြုံရေးယူပေးနေသည့် DBKA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများကြောင့် ကျားဖြန့်ဝန်ထမ်းအချို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသော်လည်း အရေအတွက် အတိအကျကို မသိရကြောင်း ၎င်းက ဆက်ပြော သည်။

    မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်အုပ်စုဘက်က အထိနာကာ ပြန်ဆုတ်သွားသော်လည်း ယင်းအနီးတဝိုက်တွင် တပ်စွဲထားပြီး နှစ်ဖက်စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်ကြောင်း စစ်ရေး သတင်းအရင်းအမြစ်အချို့က ပြောသည်။

    ထို့အပြင် တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက် ပေါက်ကွဲတာမျိုး ရှိခဲ့သည့်အတွက် ထိုင်းစစ်တပ်က သေနတ်ပစ်ဖောက်အချက်ပြမှုများ ပြုလုပ်ခဲ့ရကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။

    “စစ်တပ်က ပြန်မဆုတ်သေးဘူး။ ရှိနေတုန်းပဲ။ သူတို့ဝင်လာတုန်းက အင်အား ၃၀၀ လောက်နဲ့ပါ။ အခုက အရမ်းရှုပ်ထွေးနေတဲ့ အခြေအနေပါ၊ စစ်တပ်က စစ်ကြောင်း ထိုးနေတာလည်း ရှိတယ်။ ဟို.. ကျားဖြန့်ကိစ္စလည်း သူတို့ BGF/KNA နဲ့ ရှုပ်နေတာရောပဲ။ အချို့နေရာမှာတော့ တိုက်ပွဲက ဖြစ်နေတုန်းပဲလို့ ပြောရမှာပေါ့” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

    နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို ဖြေဆိုဖို့ ၎င်းက ငြင်းဆန်ခဲ့သည်။

    ယခုလို တကျော့ပြန် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီး ထိုင်းစစ်တပ် အမှတ်(၃)စစ်ဒေသက အနီးကပ် စောင့်ကြည့်နေကြကြောင်း ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ထိုင်းသတင်း များက ရေးသားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks