spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းသောက်ရေသန့်ထုတ်စက်ရုံများမှ ရေများ သန့်ရှင်းမှုမရှိဟု ဝယ်ယူသုံးစွဲသူများပြော

    သောက်ရေသန့်ထုတ်စက်ရုံများမှ ရေများ သန့်ရှင်းမှုမရှိဟု ဝယ်ယူသုံးစွဲသူများပြော

    -

    မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ရေသန့်ထုတ်စက်ရုံအချို့မှ  ဖြန့်ချိရာင်းချနေသည့် ၂၀ လီတာ ရေသန့်ဘူးကြီးအတွင်းရှိ ရေများသန့်ရှင်းမှုမရှိကြောင်း ဝယ်ယူသုံးစွဲနေသူများက ပြောသည်။

    မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးစသည့် မြို့နယ်များအတွင်ရှိ သောက်ရေစက်ရုံအချို့မှ  ၂၀ လီတာ သောက်ရေသန့်ဘူးကြီးများသည် ဘူးအခွံများ ဟောင်းနွမ်းသော်လည် အသုံးပြုနေဆဲဖြစ်သည့်အပြင် ဘူးအတွင်းရှိရေများ အမှိုက်သရိုက်ပါရှိခြင်းကြောင့် သောက်သုံးရန် အဆင်မပြေတော့ကြောင်း သံဖြူဇရပ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အခုက ဟိုအရင်တုန်းကနဲ့မတူတော့ဘူး။ ရေသန့်ဘူးတွေတော်တော်များများက ဟောင်းပြီး၊ ဘူးပုံစံတောင်မထွက်တာလည်း တွေ့ရတယ်။ သူတို့ဘယ်လိုဆေးလျှော်လည်းတော့ မသိဘူး။ သူတို့ချပေးတဲ့ဘူးတွေ ပုံစံပျက်နေလည်း ကိုယ်ကယူရတယ်လေ။ ပြီးတော့ ရေကိုဖွင့်လိုက်ရင်လည်း ပုရွက်ဆိပ်တွေ အရင်ကျလာတယ် အမြဲပဲ။ အိမ်ရောက်ပြီးမှ ပုရွတ်ဆိတ်ဝင်တာမဟုတ်ဘူး။ သူတို့လာပို့ကတည်းက ပုရွတ်ဆိပ်တွေရှိနေတယ်၊ အဲဒါ တယကယ် ဖြစ်တယ်၊ မသန့်ရှင်းဘူ။ ” ဟု သံဖြူဇရပ်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    အလားတူ မော်လမြိုင်မြို့တွင်ရှိ သောက်ရေသန့်စက်ရုံမှလည်း သန့်ရှင်းမှုမရှိခြင်းကြောင့် စက်ရုံကုမ္ပဏီအမျိုးမျိုးပြောင်းလဲ၍  ဝယ်ယူသောက်သုံးနေရကြောင်းလည်း မြို့ခံများက ပြောသည်။

    ရေသန့်ထုတ်လုပ်လုပ်ငန်းများသည် သောက်ရေသန့်၏ အရည်အသွေးနှင့် သန့်ရှင်းမှုကို အာမခံနိုင်ရန် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပလပ်စတစ်ဘူးများကို သတ်မှတ်ထားသော စံနှုန်းအတိုင်း အသစ်တင်ပြန်လည်သန့်စင်သုံးစွဲရမည့်အပြင်၊ ရေလီတာစနစ်၊သောက်သုံးရေထဲတွင်ရှိနိုင်သည့် အညစ်အကြေး၊ ပိုးမွှား၊ ဓာတုပစ္စည်းများကို သန့်စင်ဖယ်ရှားပေးရန်လုံခြုံရေးစနစ်များ ကျင့်သုံးရမည်ဖြစ်ကြောင်းလည်း သိရသည်။

    သို့သော် သတ်မှတ်ထားသည့်စနစ်များကို ကျင့်သုံးခြင်းမရှိသည့်အပြင် ကျန်းမာရေးထိခိုက်သည်အထိ သန့်ရှင်းရေးအပိုင်းအားနည်းနေခြင်းကြောင့် ခွင့်ပြုထားသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လာရောက်စစ်ဆေးခြင်းများ လုပ်ဆောင်သင့်ကြောင်းလည်း ဝယ်ယူအသုံးပြုသူများမှ ဆိုသည်။

    မသန့်ရှင်းသောရေသန့်ဘူးမှ ရေများသည် ဝမ်းပျက်ဝမ်းလျှော ဘက်တီးရီးယားကူးစက်ခြင်း၊ အစာအိမ်နာခြင်း၊ အန်ခြင်းနှင့် မူးဝေခြင်းများဖြစ်နိုင်ပြီး၊ ပလပ်စတစ်ဘူးမှ ဓာတုပစ္စည်းအဆိပ်အတောက်များ ရေထဲဝင်ပြီး ကျန်းမာရေးအန္တရာယ်များဖြစ်စေနိုင်သည်ဟု မော်လမြိုင်မြို့ရှိ အမျိုးသားဆရာဝန်တစ်ဦးက ပြောသည်။

    “ရေသန့်ကရေကို သောက်သုံးကြပေမဲ့ ဘူးမှာပါတဲ့ စာသားတွေကို အများစုက မဖတ်မိကြဘူး။ ပလပ်စတစ်ဘူးထဲမှာ ပါဝင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေက ရေထဲကို ပျော်ဝင်နိုင်တယ်။ ရေသန့်ဗူးတွေရဲ့ အောက်ဘက်မှာရေးထားတဲ့ စာသားလေးတွေကို ဂရုစိုက်သင့်တယ်။ တြိဂံပုံစံထဲမှာ 1 PET or PETE လို့ ရေးထားတတ်ပါတယ်။ ဒါက တစ်ကြိမ်တည်းသာ အသုံးပြုမှ အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ ရေသန့်ဘူးထဲကို အောက်စီဂျင်ဝင်သွားရင်၊ အပူချိန်ပြင်းပြင်းနဲ့ နေရောင်ခြည်ထိရင် ရေသန့်ဗူးထဲက ဓာ တုအဆိပ်အတောက်တွေက ရေထဲ ဝင်သွားမှာဖြစ်ပါတယ်၊ ဘူးကိုလည်း အကြိမ်ရေသုံးများရင် အန္တရာယ်ရှိတယ်” ဟု ထိုသူက ဆက်ပြောသည်။

    မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သူအများစုသည် လူနေအိမ်ထူထပ်ပြီး အိမ်သာနှင့် ရေတွင်း အကွာအဝေးနီးကပ်နေခြင်းကြောင့် ရေတွင်းမှ ရေများသောက်သုံးရန် အဆင်မပြေသဖြင့်  အိမ်အရောက်စနစ်ဖြင့် ပို့ပေးသည့် ၂၀ လီတာရေသန့်ဘူးများကိုသာ ဝယ်ယူသောက်သုံးနေကြရသည်။

    ယခင်က ၂၀ လီတာသောက်ရေသန့်တစ်ဘူး ၅၀၀ ကျပ်  ဖြန့်ဖြူးရောင်းချနေရာမှ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းကြောင့် ဈေးနှုန်းတိုးမြှင့်ထားရာ လက်ရှိတွင် တစ်ဘူးလျှင် ၁၅၀၀ သတ်မှတ်၍ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

    မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ရ သောက်ရေသန့်လုပ်ငန်းပေါင်း  ၆၀ ခုကျော်ထိရှိသည်ဟု သိရပြီး အချို့သော အသေးစားနှင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်လုပ်ငန်းများ ခွင့်ပြုချက်မရထားကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks