spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စုရွေးကောက်ပွဲမှာ အမျိုးသမီး အများအပြား ဘာကြောင့် ပါဝင်လာသလဲ

    စစ်အုပ်စုရွေးကောက်ပွဲမှာ အမျိုးသမီး အများအပြား ဘာကြောင့် ပါဝင်လာသလဲ

    -

    စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုမှာ ယခင်ရွေးကောက်ပွဲများထက် ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

    လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်းသွင်းသူ ပြည်သူ့လွှတ်တော်တွင် ၃၀၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၉၀ ဦးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၇၀၄ ဦးအထိ ရှိခဲ့သည်။

    အဆိုပါ အမည်စာရင်းတင်းသွင်းသူများအနက် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြေညာထားသည့် အရေအတွက်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၁၈၃ ဦး ရှိကြောင်း စစ်အုပ်စုက ဖွဲ့စည်းထားသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောသည်။

    လက်ရှိ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော အကျပ်အတည်းများကြောင့် ပြည်သူလူထုတို့ဟာ ဒုက္ခများကို ခံစားနေရသည့်အတွက် အမျိုးသမီးများသည်လည်း နိုင်ငံရေးစိတ်ဓာတ် တက်ကြွလာ၍ မိမိတို့ ကိုယ်တိုင် လုပ်ဆောင်ပါက ပို၍ ထိရောက်နိုင်သည်ဟူသော ခံယူချက်ဖြင့် ပါဝင်လာခြင်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (တသီးပုဂ္ဂ) မှ ဒေါ်စန္ဒာမင်းက ပြောသည်။

    “အမျိုးသမီးတွေဟာ ပထမတုန်းကတော့ ၂၀၁၅ အထိဆိုတဲ့ဟာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက အခု ၂၀၂၀ နောက်ပိုင်းအခြေအနေလောက်ကို မဆိုးဝါးသွားဘူး။ အဲဒီတော့ အမျိုးသမီးတွေက အိမ်ထောင်တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ယောက်ကျားတွေကို ဦးစားပေးတယ်။ အမျိုးသမီးနဲ့ အမျိုးသား လင်မယား နှစ်ယောက်မှာဆို ငါ့ယောကျာ်းလုပ်ပါစေ ငါနောက်ကနေ support လုပ်မယ်ဆိုတဲ့ဟာမျိုးပဲ များတယ်။ တကယ်တမ်းကျတော့ တနိုင်ငံလုံးရဲ့ ဒုက္ခဒုက္ခတွေကို အမျိုးသမီးတွေလည်း ခံစားရတယ်၊ အမျိုးသားတွေလည်း ခံစားရတယ်၊ ကလေးသူငယ်တွေပါ ခံစားကြရတဲ့အခါကြတော့ ဒီအမျိုးသမီးတွေမှာလည်း နိုင်ငံရေး စိတ်ဓါတ်တက်ကြွလာတယ်လို့ ကျမမြင်တယ်။ ဒါကြောင့်မို့လည်း ငါတို့ကိုယ်တိုင် လုပ်ဆောင်ရင် ပိုပြီးထိထိရောက်ရောက် ရှိနိုင်တယ်ဆိုတဲ့ ခံယူချက်တွေ ရှိလာနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

    ဒါ့အပြင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစပြု၍ အမျိုးသမီးခေါင်းဆောင်များ ပေါ်လာကြောင်း၊ နောက်ပိုင်းတွင် ဝန်ကြီးချုပ် အမျိုးသမီးများလည်း ပေါ်ပေါက်လာသည့်အတွက် အားကျစရာ၊ အတုယူသည့်အတွက် နိုင်ငံရေးတွင် ပိုမိုပါဝင်လာသည်ဟု မြင်မိကြောင်း ၎င်းက ဆက်ပြောသည်။

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၉၉ ဦး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၉၀၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

    စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု ပိုမိုများပြားလာခြင်းသည် စီးပွားရေး မက်လုံးပေး၍ ဖြစ်သလို နိုင်ငံရေးအရ အသုံးချခံအနေဖြင့် ပါဝင်လာခြင်းဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) မိသုတဂျော်က ပြောသည်။

    “ဘာကြောင့်လဲဆိုရင်တော့ ဒီရွေးကောက်ပွဲဟာဆိုရင် ပထမတစ်ချက်က ကိုယ်ကျိုးကို မက်လုံးပေးတာပေါ့။ အထူးသဖြင့် စီးပွားရေး မက်လုံးပေါ့။ လုပ်ပိုင်ခွင့်မက်လုံးတွေ ပေးတဲ့အခါကြတော့ အမအမြင်ပေါ့နော်၊ နောက်ပြီးတော့လည်း ချောက်တွန်းခံရတယ်။ အမျိုးသမီးတွေအနေနဲ့ကလည်း အကုန်လုံး နိုင်ငံရေးပါးဝမှု မရှိကြဘူး။ အမအဲဒီလို ဆိုလိုချင်တယ်၊ ဘာကြောင့်လဲဆိုရင်တော့ ကျမတို့ရဲ့ ဓလေ့ထုံးတမ်းက အမျိုးသမီးနဲ့ နိုင်ငံရေး မသက်ဆိုင်ဘူးလို့ တောက်လျှောက်ကြီးစိုးပြီးမှ ဖခင်ကြီးစိုးသော စနစ်နဲ့ လုပ်လာတဲ့အခါကြတော့ အမျိုးသမီးတွေက နိုင်ငံရေးပါးမဝဘူး။ အမျိုးသမီးတော်တော်များများပေါ့နော်၊ အဲဒီအတွက်ကြောင့်မို့လို့ အသုံးချခံတဲ့အနေနဲ့ ပါဝင်လာကြတယ်လို့ အမမြင်တယ်” ဟု ပြောသည်။

    အမျိုးသမီးများသည် အခက်အခဲကြုံတွေ့လာပါက မိခင်စိတ်ဓာတ်ရှိသည့်အတွက် အရဲစွန့်၍ ရှေ့ထွက်ကာကွယ်ကြကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် နိုင်ငံရေးသမားများ အသုံးချနေကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်အုပ်စုက ယခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်မှာ အပိုင်း (၂) တွင် ၁၀ဝ မြို့နယ် နှင့် ကျန်ရှိတဲ့ မြို့နယ်များကို အပိုင်း (၂) ရွေးကောက်ပွဲနှင့် နှစ်ပတ်ခြားအကြာ ကျင်းပသွားမည်ဟု ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks