spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းNUCC မှ ယာယီနုတ်ထွက်ရန် KNU နှင့် KNPP စာပို့အကြောင်းကြားထား

    NUCC မှ ယာယီနုတ်ထွက်ရန် KNU နှင့် KNPP စာပို့အကြောင်းကြားထား

    -

    အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ စာပို့အကြောင်းကြားထားကြောင်း အဖွဲ့တာဝန်ရှိသူများ၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

    NUCC ၏ လုပ်ဆောင်ချက်များသည် မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ကင်းကွာမှုများ ရှိနေသည့်အတွက် ယာယီနုတ်ထွက်ရန် အကြောင်းကြားရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရ ပဒိုစောတောနီးက IMNA သို့  ပြောကြားသည်။

    ပုံ-KNPP

    “ယာယီရပ်ဆိုင်းသွားမယ်လို့ NUCC ကို ကျနော်တို့ စာပို့အကြောင်းကြားထားပါတယ်။ အဓိက အကြောင်းအရာက NUCC က တကယ်ပဲ အားစိုက်လုပ်ဆောင်နေတဲ့အလုပ်တွေကတကယ်တမ်းမှာကျတော့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ကင်းကွာနေတဲ့အပိုင်းတွေ အများကြီးတွေ့နေတဲ့အတွက်ကြောင့်ပါ” ဟု ပဒိုစောတောနီးက ဆိုသည်။

    KNU နှင့် KNPP တို့ ယာယီနုတ်ထွက်ကြောင်း စာပို့အကြောင်းကြားထားခြင်းနှင့်ပတ်သတ်၍ NUCC ဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

    တိုင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (ERO) များ၏ တောင်းဆိုချက်ကို NUCC မှ လိုက်လျောပေးနိုင်မှုမရှိခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသော်လည်း ဖက်ဒရယ်ယူနစ်တစ်ခုကို NUCC မှ ယနေ့ချိန်အထိ အကောင်အထည်ဖော်နိုင်မှု မရှိခြင်းတို့ကြောင့် KNU နှင့် KNPP တို့ နုတ်ထွက်ရခြင်း ဖြစ်နိုင်သည်ဟု NUCC
    အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) မှ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

    “NUCC မှာက အဖွဲ့အစည်းမျိုးစုံ ပါဝင်တာပေါ့နော်။ အဖွဲ့အစည်းမျိုးစုံ ပါဝင်နေတဲ့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြတဲ့အခါ ERO တွေရဲ့ တောင်းဆိုချက်တွေကို NUCC က လိုက်လျောပေးနိုင်တာ မရှိခဲ့ဘူးပေါ့နော်။ လျှောက်လှမ်းမဲ့ နိုင်ငံရေးလမ်းစဉ်တွေကလည်း အပြောင်းအလဲဖြစ်လာကြတယ်။ KNU အပါအဝင် မွန်လက်နက်ကိုင်တွေလည်း သူ့ဒေသသူ့ပြည်နယ်ကို သူအုပ်ချုပ်နိုင်အောင် ကြိုးစားလာတဲ့ပုံစံမျိုး ဖြစ်လာတယ်။ NUCC မှာလည်း ဖက်ဒရယ်ယူနစ်တစ်ခုကို အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူး။ ဒါမဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ရော၊ ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ထွန်းလာဖို့ရောကိုတော့ အခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ဆက်လုပ်သွားမယ်ဆိုတာကို NUCC ကပြောဆိုထားတာ ရှိတယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အဖွဲ့ဝင်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် Kachin Political Interim Coordination (KPICT) တို့လည်း NUCC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သေးကြောင်း သိရသည်။

    အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံရေးပါတီများ၊ ဖက်ဒရယ်ယူနစ်များ၊ လူမျိုးအလိုက် အတိုင်ပင်ခံကောင်စီများ၊ သပိတ်ကော်မတီများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် အမျိုးသမီး၊ လူငယ်အရပ်ဘက်အဖွဲ့ အစည်းများအပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် (၃) ဖွဲ့တို့ဖြင့်  ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

    တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း (၃) ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြပြီး လက်ရှိအခြေအနေအရ (ABSDF) သာ ကျန်ရှိတော့မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks