မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ (Lorong Bukit Juru 2) လမ်းတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသော ကိုယ်ဝန်ဆောင်သည် မွန်အမျိုးသမီးတစ်ဦး ရန်လိုနေသည့် ဆိုင်အတွင်းလာရောက်စားသောက်သူများနှင့် စကားများရာမှ ဓားထိုးခံရပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မိဟောင်းချမ်း (ခေါ်) မချမ်းချမ်းဆိုသူအမျိုးသမီးနှင့် ၎င်း၏ခင်ပွန်း ကိုအောင်ကြီးတို့ ဖွင့်ထားသော နဒီဟိန်း (မြန်မာစားသောက်ဆိုင်) တွင် လာရောက်စားသောက်နေသည့် ဗမာအမျိုးသားသုံးဦးမှ ဆိုင်အတွင်းအစားအသောက်များ စားမကောင်းကြောင်း ရန်လိုပြောဆိုရာမှ စကားများရန်ဖြစ်ကြရာ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများမှ သိရသည်။
အဆိုပါ အမျိုးသားများသည် ကနဦးကပင် ဆိုင်အတွင်းလာရောက်စားသောက်နေသည့် ၎င်းတို့အပေါင်းအပါများနှင့် စကားများနေခြင်းဖြစ်ပြီး အပြင်သို့ထွက်ခွာကာ ဓားများယူဆောင်လာခဲ့ကြောင်း၊ ဓားများပြန်လည်ယူဆောင်လာစဉ် ၎င်းတို့အပေါင်းအပါများ ပြန်သွားခြင်းကြောင့် ဆိုင်ရှင်များနှင့် ရန်လိုစကားများခဲ့ကြောင်း သေဆုံးသူအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အစက အဲဒီဆိုင်မှာ စားနေကြတဲ့ လူတစ်အုပ်စုက ရန်ဖြစ်နေပြီသားပါ။ အဲ့အထဲမှာမှ ညီအစ်ကိုနှစ်ယောက်က ဓားသွားယူတယ်။ သူငယ်ချင်းတစ်ယောက်ကိုပါထပ်ခေါ်လာခဲ့တယ်။ ဒါပေမယ့် အဲ့ဆိုင်မှာ သူတို့နဲ့ ရန်ဖြစ်တဲ့သူတွေက ပြန်သွားကြတယ်။ သူတို့သုံးယောက် အဲဒီမှာ ဆိုင်ရှင်ကို ရန်ထပ်ရှာတယ်။ သင်္ဘောသီးထောင်းက စားမကောင်းကြောင်း ပြောတယ် စကားများရန်ဖြစ်ကြတယ်။ ဆိုင်ပိုင်ရှင် ယောကျာ်းကို ဓားနဲ့ထိုးဖို့လုပ်တယ်။ ဒါပေမဲ့ အမျိုးသမီးက သူ့ယောကျာ်းအစားခံသွားတာ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
ဓားထိုးခံရမှုကြောင့် ဆိုင်ရှင်ဖြစ်သူ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးသည် အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးခဲ့ရပြီး၊ သူမ၏ခင်ပွန်းနှင့် မိတ်ဆွေတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူအမျိုးသမီးကို ပီနန်းမြို့ရှိ (Seberang Jaya) ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ စာရွက်စာတမ်းအချက်အလက်များ စုဆောင်းနေရခြင်းကြောင့် နာရေးအစီအစဉ်လုပ်ဆောင်ရန် ရက်အနည်းငယ် ကြန့်ကြာမည်ဖြစ်ကြောင်းလည်း ပီနန်းရှိ ဒါနကုသလ နာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“နာရေးမလုပ်ရသေးဘူးဗျ။ လောလောဆယ် အလောင်ကဆေးရုံမှာ။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံမှ အလောင်းထုပ်လို့ရမှာ။ ခုလက်ရှိဆေးရုံစာရွက်နဲ့ရဲစခန်းစာရွက် ရပြီ။ မြန်မာဘက်က စာရွက်စာတမ်းစောင့်နေတာပါ။ စာရွက်စာတမ်းပြည့်စုံရင်တော့ လာမဲ့ တနင်္ဂနွေနေ့မှာ သဂြိုလ်ဖြစ်မှာပါ။ မပြည့်စုံရင်တော့ ရက်အနည်းငယ် စောင့်ရအုံးမယ်” ဟု ပီနန်းရှိ ဒါနကုသလ နာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
တစ်ဖက်တွင် မလေးရှားရဲတပ်ဖွဲ့မှလည်း လူသတ်မှုကျူးလွန်သူဟု သတ်မှတ်ခံရသည့် ညီအစ်ကိုနှစ်ဦးနှင့် ၎င်းတို့နှင့်အတူပါလာသူတစ်ဦးကို ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
“လောလောဆယ် ကျူးလွန်သူတွေကိုဖမ်းမိထားပါတယ်။ အမှူကတော့ မပြီးသေးဘူး စစ်ဆေးနေဆဲပါ။ ကျူးလွန်သူကတော့ မလေးရှာဥပေဒတိုင်းပြစ်ဒဏ်ကျခံရမှာပါ။ သေဆုံးသူက ကိုယ်ဝန်နဲ့ဆိုတော့ ပြစ်မှူကဘယ်လိုသတ်မှတ်မလဲမသိသေးဘူး။ အနည်းဆုံးတော့ နှစ် ၃၀၊ ၄၀ တော့ကျမယ်။ အဲဒီထက်လဲ ပိုနိုင်တယ်” ဟု အဆိုပါအမှုတွင် ပါဝင်ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
ကွယ်လွန်သူ ကိုယ်ဝန်ဆောင်သည် မွန်အမျိုးသမီး မိဟောင်းချမ်း (ခေါ်) မချမ်းချမ်းသည် အသက် (၃၂)နှစ် အရွယ်ရှိပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာမှ မလေရှားနိုင်ငံ ပီနန်းမြို့တွင် ဆိုင်ဖွင့်လှစ်ကာ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
ထို့အပြင် မလေးရှားအခြေစိုက် Mon General Music Band အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်းနှင့် မိဟောင်းချမ်းကွယ်လွယ်ခဲ့ရခြင်းအပေါ် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းပူဆွေးရကြောင်း Mon General Music Band အဖွဲ့အပါအဝင် လူမှုကွန်ရက်အသုံးပြုသူ မွန်လူမျိုးများ မှတ်ချက်ပြုပြောဆိုလျှက် ရှိသည်။






